ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်နေသည့် ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းနှင့် ရခိုင် ပြည်နယ်အတွင်းရှိ ကျောက်ဖြူမြို့နယ်တို့တွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကာ အထိနာနေပြီး တပ်ဆုတ်ပြေးနေရကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်းရှိ တိုက်ပွဲပြင်းထန်နေသည့် ညောင်ကျိုးစခန်းအနီးတစ်ဝိုက်ကို ဥမင် လှိုဏ်ခေါင်းတူးပြီး တက်လာသည့် စစ်တပ်စစ်ကြောင်းများကို AA က စောင့်ကြိုတိုက်ခိုက် ခဲ့သည့်အတွက် ပြန်လည်တပ်ဆုတ်ထွက်ပြေးရကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ နှင့် ၃ မိုင်အကွာထိ AA နှင့်ပူးပေါင်းအဖွဲ့ ချဥ်းကပ် လာမှုတွင်လည်း စက်ရုံအတွင်းမှ အရာရှိမိသားစုဝင်များ ရဲမေနှင့်သက်ကြီးပိုင်းများအပါအဝင် ကလေးငယ်များကို တပ်မ (၇၇) ဦးစီးကာ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ပြောင်းရွှေ့ မှုများ ပြုလုပ်ထားရသည်။

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်တပ်အရာရှိများ သေဆုံးနေပြီး ရေကြည်အမြောက် တပ် အမတ ၃၄၄ ၏စစ်ရေးအရ စိုးရိမ်ရသည့်အခြေအနေကြောင့် အရာရှိတချို့ထွက်ပြေးကာ ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူးတို့မှာလည်း အရေးပေါ်ယတြာ ချေမှုများ ပြု လုပ်နေရသည်။

ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ချိတ် ဆက်လာသည့် မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာစခန်းအနီး တိုက်ပွဲများတွင်လည်း လမ်းဟောင်း ပဇီကျေးရွာအနီးမှ စစ်ကူပို့သည့်စစ်ကြောင်း များမှာ အထိနာနေသည့်အတွက် မစခ ၉၀၅ မှ လက် နက်ကြီးပစ်ကူယူ၍ တပ်ဆုတ်ပြေးနေရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများမှမဟုတ်ဘဲ လမ်းကြောင်းပြောင်းကာ စစ်ကြောင်းထိုးလာသည့် ကျောက် ဖြူမြို့နယ် တောင်ပေါ်ဦးရေတပ်အနီးတိုက်ပွဲမှာလည်း စစ်တပ်စစ်ကြောင်းများ အဝတောင် ကျေးရွာကို မကျော်နိုင်တော့သည့်အပြင် မေ ၂၁ ရက်က တောင်ပေါ်ဦးရေတပ်အတွင်းသို့ ပြန်လည်တပ်ဆုတ်မှုများရှိနေသည်။

ထိုသို့ အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်တပ်က အဆိုပါမြို့နယ်များကို လေယာဥ်အုပ်လိုက်သုံးကာ လေ ကြောင်းတိုက်ခိုက်သည့်အပြင် တိုက်ပွဲမရှိသည့် AA ထိန်းချုပ်နယ်မြေများကိုလည်း လေကြောင်းမှ အသေခံဒရုန်းများသုံးကာ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်လျက်ရှိသည်။