ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ရှိ အုန်းဖန်ဆေးရုံမှ ဒေါက်တာဝိုရာဝစ် (Dr. Worawit Tontiwattanasap) ကို နယ်စပ်ဒေသရှိ ဒုက္ခသည်များနှင့် နိုင်ငံမဲ့ပြည်သူများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့အဆင့် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် (၇၉) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ဒေါက်တာဝိုရာဝစ်အား ဝေးလံခေါင်ဖျားသော ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့် လုပ်ဆောင်နိုင်သူအဖြစ် သတ်မှတ်ကာ “2026 United Arab Emirates Health Foundation Prize” ကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုတွင် ဂုဏ်ပြုမှတ်တမ်းလွှာ၊ နာမည်ကတ်ပြားနှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ပါဝင်သည်။
“ကျန်းမာရေးစောင့်ရှောက်မှု ပေးဝေတဲ့နေရာမှာ တာဝန်ယူမှုဆိုတာ ပထဝီဝင်နယ်နိမိတ်တွေနဲ့ ပိုင်းခြား ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာမှုနဲ့ ကိုယ်ကျင့်တရား တန်ဖိုးအပေါ်မှာပဲ မူတည်ရပါမယ်” ဟု ဒေါက်တာဝိုရာဝစ်က ၎င်း၏ လူသားဆန်သည့် ခံယူချက်ကို ပြောကြားခဲ့သည်။

ဒေါက်တာဝိုရာဝစ်သည် ၎င်း၏ဇာတိဖြစ်သော ချာချိုးဆောင် (Chachoengsao) ခရိုင်တွင် ဆရာဝန် အဖြစ် လုပ်ကိုင်နိုင်သော်လည်း ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသဖြစ်သော အုန်းဖန်မြို့ရှိ ဆေးရုံ ငယ်လေးသို့ ကိုယ်တိုင်ရွေးချယ်ပြောင်းရွှေ့လာကာ နယ်စပ်ဒေသမှ မြန်မာနှင့် ထိုင်းပြည်သူများကို ဆယ်စုနှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ခြင်းဖြစ်သည်။
အုန်းဖန် တောင်ပေါ်ဒေသတွင် နေထိုင်ကြသူအများစုမှာ ကျန်းမာရေးအာမခံမရှိသည့် ထိုင်းနိုင်ငံသား မဟုတ်သူများနှင့် ငွေကြေးမတတ်နိုင်သည့် နိုင်ငံမဲ့ပြည်သူ အများအပြားရှိနေပြီး ဒေါက်တာဝိုရာဝစ်သည် လူနာများထံ ရောက်ရှိနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောတောင်များကို ခြေလျင် ခရီးဖြင့်လည်းကောင်း၊ ဒေသခံလမ်းကြုံယာဉ်များနှင့် ဆင်များကိုပင် စီးနင်း၍လည်းကောင်း သွားရောက် ဆေးကုသပေးခဲ့ရကြောင်း သိရသည်။
WHO က ဒေါက်တာဝိုရာဝစ်သည် ထိုင်း-မြန်မာနယ်စပ်ဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ၊ ထိခိုက်လွယ်သည့် အုပ်စုများနှင့် နိုင်ငံမဲ့ပြည်သူများ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေရန် ၎င်း၏ဘဝတစ်ခုလုံး ရင်းနှီးမြှုပ်နှံကာ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း အလေးအနက် ချီးကျူး ပြောဆိုခဲ့သည်။
၎င်း၏ မမောမပန်း ကြိုးပမ်းမှုများကြောင့် နယ်စပ်တစ်လျှောက်ရှိ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အခြေခံကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ငှက်ဖျား၊ တီဘီနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်ကုသပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ကျောက်ကပ်ဆေးပေးခြင်း စသည့် အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုများကိုပါ တိုးမြှင့် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
ထို့ပြင် WHO သည် နယ်စပ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးခဲ့သည့် ထိုင်းနိုင်ငံအစိုးရကိုလည်း ချီးကျူးစကားပြောဆိုခဲ့ပြီး နောင်တွင်လည်း ထိုင်းနိုင်ငံအပါအဝင် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒေသတွင်း ကျန်းမာရေးတန်းတူညီမျှမှု ရရှိစေရန် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပုံစာ – ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖန်ဆေးရုံတွင် နယ်စပ်စစ်ရှောင်များနှင့် ဒုက္ခသည်များကို ကုသပေးနေသည့် ဒေါက်တာဝိုရာဝစ်