ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

 

ရခိုင်ပြည်နယ်ရှိ မြို့နယ် သုံးခုကို ရွေးတုအစိုးရစစ်တပ်က အသေခံဒရုန်းများအပြင် လေယာဉ်အုပ်စု လိုက်သုံး၍ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ဂွမြို့နယ်တို့ကို ကာမီကာဇေ အသေခံ ဒရုန်းနှင့် တိုက်လေယာဉ်အုပ်စုလိုက်သုံးကာ ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အတွက် ရွာလုံးကျွတ် မီးလောင် ပျက်စီးမှု များရှိခဲ့ပြီး အရပ်သားထိခိုက်ပျက်စီးမှုများလည်းရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ် များထံမှ သိရသည်။

 

အာဏာသိမ်း စစ်တပ်သည် ယမန်နေ့ မေ ၂၁ ရက် နံနက် ၉ နာရီခန့်က ကျိန္တလီမြို့ကို ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ၁၀ ကြိမ်ခန့် ဗုံးကြဲချတိုက်ခိုက်ရာ လူနေရပ်ကွက်များအတွင်း ဗုံးသီးများကျရောက် ပေါက်ကွဲသည့်အတွက် အမျိုးသမီးများအပါအဝင် ပြည်သူ ကိုး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေ ၂၀ ရက် နံနက်ပိုင်းကလည်း ရမ်းဗြဲမြို့နယ်ကိုလည်း ကာမီကာဇေ ဆူဆိုက်ဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရမ်းသစ်ကြီးရွာမရွာရှိ ဘုန်းကြီးကျောင်းပျက်စီးပြီး ဆရာတော်နှင့် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့ကိုလည်း တောင်ပေါ်ဦးရေတပ်မှ လက်နက်ကြီး များပစ်ခတ်တိုက်ခိုက်သည့်အပြင် ဂျက်ဖိုက်တာများဖြင့် အုပ်စုဖွဲ့ ဗုံးကြဲခဲ့သည့်အတွက် အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ရွှေဟင်္သာရပ်ကွက် မီးလောင်ပျက်စီးခဲ့သည်။

 

ရွေးတုအစိုးရစစ်တပ်၏ ကာချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်ယူလာစဉ်တွင် ဆုံးရှုံး နယ်မြေများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ‌တိုက်လေယာဉ် အနည်းဆုံး သုံးစင်းမှ ငါးစင်းအထိ အသုံးပြု၍ တိုက်ခိုက်လာသည်။

 

လေကြောင်းသတင်းများကို ထောက်လှမ်းစုံစမ်းဖော်ပြနေသည့် ဝေဟင်ကင်းထောက်အဖွဲ့မှလည်း ကာချုပ် သစ်ရဲဝင်းဦးသည် စစ်ခေါင်းဆောင်ဟောင်း ရွေးတုသမ္မတမင်းအောင်လှိုင်ထက် ပိုမိုဆိုးရွား ယုတ်ညံ့သည့် နည်းလမ်းများဖြင့် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်မှုများရှိနေသည့်အတွက် ပြည်သူများသတိပြုနေထိုင်ကြရန် ထုတ်ပြန်ထားသည်။

 

ပုံစာ -ကျိန္တလီ၊ ရမ်းဗြဲ ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ်။