ဧရာဝတီတိုင်းမ်
‎မေ ၂၂ ရက်

 

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များ အရ အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်သော အခြေအနေများ တွေ့ရှိနေရသဖြင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များနှင့် နေ့အပူချိန် မြင့်မားမှုများကို သတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သတိပေးထုတ်ပြန်သည်။

 

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်ခန့်မှန်းချက်များအရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီးယခု နှစ်ကုန်ပိုင်းတွင်မူ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မေ ၂၁ ရက်တွင် ထုတ်ပြန်သည့် မိုး/ဇလ၏ အထူးသတိ ပေးချက်တွင် ဖော်ပြထားသည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ ပုံမှန်ထက် မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနှင့် မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

 

လက်ရှိ ရက်ပိုင်းအတွင်း၌လည်း မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ ဆက်လက်မြင့်တက်နေပြီး စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မကွေးတိုင်း ချောက်မြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်နှင့် မင်းဘူးမြို့တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်အထိ အသီးသီး ရှိနေသည်။

ရန်ကုန်မြို့တွင်လည်း နေ့အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင် ရှိနေပြီး မိုးအနည်းငယ် ရွာသွန်းပြီး နောက်ပိုင်း စိုထိုင်းဆကြောင့် ပူအိုက်ခြင်းဒဏ် ခံစားရမှု ပိုမိုပြင်းထန်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

 

“ဒီရက်ပိုင်း ပိုပြီး ပူအိုက်လာတယ်။ အယ်လ်နီညိုဖြစ်မယ်ဆိုတော့ ပိုပူတော့မှာပဲ။ မိုးတွင်းကိုပဲ မျှော်နေတာ။ မိုးရွာရင် နေရတာ ပိုအဆင်ပြေပြီး မီး လည်း ပိုမှန်မယ် ထင်တာ။ ဒါပေမဲ့ အခုအတိုင်းဆို မိုးနည်းမယ့်နှစ် ထင်တယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ကလည်း ယခုမေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုရာသီဥတု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလမှ လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ပိုမိုအားကောင်းသည့် “စူပါအယ်လ်နီညို” အဆင့်အထိ ရောက်ရှိလာနိုင်ကြောင်း၊ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက် မိုးရွာသွန်းမှုလျော့နည်းကာ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

 

တစ်ဖက်တွင် မြန်မာနိုင်ငံသို့ မိုးဦးကာလကို သယ်ဆောင်လာမည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်ခဲ့ပြီး မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း တစ်နိုင်ငံလုံးသို့ ဆက်လက်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်နိုင်သဖြင့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် မိုးလေဝသ ပညာရှင်များက တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်, မိုး/ ဇလ