ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်အင်အားစုများကို ရည်ညွှန်း၍ အင်အားကြီးနိုင်ငံအချို့သည် မြန်မာ နိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံငယ်များကို စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အုပ်စုဖွဲ့၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း အာဏာသိမ်းရွေးတုအစိုးရ၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြစ်တင်စွပ်စွဲပြောဆိုလိုက်သည်။

ရွေးတုအစိုးရ၏ တပ်ချုပ်သည် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်သည့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်း အဝေးကို ယမန်နေ့ မေ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် တက်ရောက်စဉ် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထူးသဖြင့် အင်အားကြီးနိုင်ငံတချို့ဟာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်တွေကို ၎င်းတို့ရဲ့ လွှမ်းမိုး မှုအောက် ရောက်ရှိစေဖို့ နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုတွေ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုတွေ အပြိုင်အဆိုင် လုပ်ဆောင်နေကြတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အင်အားကြီးနိုင်ငံများသည် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် တိုက်ရိုက်ကျူးကျော် ခြင်းထက် ထိုနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဝါဒဖြန့်ချိရေးနှင့် သံတမန်ရေး စသည့် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ချဉ်းကပ်လုပ် ဆောင်နေကြောင်း ရွေးတုတပ်ချုပ်က စွပ်စွဲထားသည်။

အာရှ-ပစိဖိတ်ဒေသဟု ဆိုခြင်းမှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းရှိ အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့ တောင်အာရှနှင့် အိုရှန်းနီးယားဒေသတွင်း နိုင်ငံများအပြင် ပစိဖိတ်မြောက်ပိုင်းမှ ရုရှားနှင့် ပစိဖိတ်အရှေ့ဘက်ကမ်းရိုးတန်းရှိ ကနေဒါ၊ မက္ကဆီကို၊ ပီရူးနှင့် အမေရိကန်ပြည်ထောင်စုတို့ကိုပါ ရည်ညွှန်းခြင်းဖြစ်သည်။

ယင်းဒေသတွင်း၌ အမေရိကန်နှင့် ၎င်း၏မဟာမိတ်အဖွဲ့များသည် စစ်ရေးနှင့် သံတမန်ရေးရာ ပူးပေါင်းလေ့ ကျင့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ လက်ရှိ အာဏာသိမ်းရွေးတုအစိုးရကို ကျောထောက်နောက်ခံပြုပေးနေသည့် တရုတ်၊ ရုရှား စသည့်နိုင်ငံများနှင့် ဒေသတွင်း စစ်ရေးအင်အားပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

စစ်ရေး၊ နိုင်ငံရေးအကဲခတ်များကမူ ရွေးတုတပ်ချုပ်သစ်၏ ယခုပြောဆိုချက်သည် ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေသည့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကို ပစ်မှတ်ထား တိုက်ခိုက်လိုခြင်းဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများအကြား သွေးခွဲစည်းရုံးရန် ကြိုးပမ်းခြင်း သာဖြစ်ကြောင်း ထောက်ပြသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် နိုင်ငံနှင့်ကိုက်ညီသည့် ဒေသအခြေခံ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နေပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးတို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ဟုလည်း ရွေးတုတပ်ချုပ်က အစည်းအဝေးတွင် ဝါဒဖြန့် ပြောဆိုခဲ့သည်။

လက်တွေ့မြေပြင်တွင်မူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ရွေးတုတပ်ချုပ်သစ် ဖြစ်လာပြီးနောက်ပိုင်း ၎င်းတို့ လက် လွတ် ဆုံးရှုံးထားရသည့် ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင်၊ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပြများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက် ကြီးများဖြင့် ရမ်း သန်းပစ်ခတ်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုး မီးရှို့ဖမ်းဆီးခြင်းဆိုင်ရာ ရက်စက် ကြမ်းကြုတ်မှုများကိုသာ ပိုမိုတိုးမြှင့် ညွှန်ကြားလုပ်လျက်ရှိသည်။

ဓာတ်ပုံ – စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးသတင်းစာမျက်နှာ- MOI