ဧရာဝတီတိုင်းမ်
မေ၂၂ ရက်

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီနဲ့ စားသောက်ကုန်စျေးနှုန်းတွေ ထိုးတက် သွားတဲ့ဒဏ်ကို မြန်မာနိုင်ငံအနေနဲ့ အဆိုးရွားဆုံး ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအ စီအစဉ် (WFP) က ပြောပါတယ်။

မြန်မာနိုင်ငံက လူဦးရေရဲ့ လေးပုံတစ်ပုံ လူဦးရေ ၁၂ သန်းကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ် ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ WFP က ဆိုပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က ထွက်လာတဲ့ WFP ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီလနှောင်းပိုင်းကစလို့ စက်သုံးဆီစျေးနှုန်းတွေဟာ ၃ ဆအထိ မြင့်တက်သွားခဲ့ပါတယ်။

ဆန်၊ ဆီ၊ ပဲနဲ့ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေရဲ့ စျေးနှုန်းဟာလည်း ဒေသအတော်များ များမှာ သိသိသာသာ ထိုးတက်သွားခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဒီမိုကရေစီလိုလားတဲ့ တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အခုလို ကုန်စျေးနှုန်းတွေ အဆမတန် ထိုးတက်သွားတဲ့ဒဏ်ကို စစ်မီးတောက်နေတဲ့ စစ်ဘေးသင့် ဒေသတွေမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အခြေခံ စားသောက်ကုန်စျေးနှုန်းတွေဟာ ပျမ်းမျှ ၁၈ ရာခိုင်နှုန်းလောက် တက်လာတာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်းဒေသကြီးမှာ ကုန် စျေးနှုန်း ၃၈ ရာခိုင်နှုန်းအထိ တက်သွားတာမို့လို့ စျေးအမြင့်ဆုံး တက်တဲ့ဒေသ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ်ဖြစ်သူ မိုက်ကယ်ဒန်းဖို့ဒ်က “လက်ရှိ မြန်မာပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဟာ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်တင် မဟုတ်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; WFP: Middle East crisis driving hunger in Myanmar