ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

အာဏာသိမ်းမှုကြောင့် ကျဉ်ဖယ်ခံရသော အာဆီယံအဖွဲ့အတွင်း ပြန်လည်ဝင်ဆံ့မှု ရရှိစေရန်အတွက် ဒေသတွင်း နိုင်ငံများနှင့် သံတမန် ဆက်ဆံရေး ချဉ်းကပ်မှုများ ရွေးတုအစိုးရ ပြုလုပ်နေပြီး အဓိကထောက်ခံ ကူညီနေသည့် တရုတ်၊ ရုရှားနိုင်ငံများနှင့်လည်း ပူးပေါင်းမှုများ တိုးမြှင့်သွားရန် ထိတွေ့ဆက်ဆံ မြှောက်ပင့်တင်ပြ ကြိုးပမ်းနေကြောင်း သိရသည်။

ထိုကိစ္စရပ်များသည် လက်ရှိအာဆီယံ အလှည်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ ၎င်းတို့ တက်ရောက်ခွင့် မရသည့်အပေါ် တုံ့ပြန်ပြီးနောက် ထိုကဲ့သို့ ပြန်လည်ချဉ်းကပ်လာခြင်းဖြစ်ပြီး စစ်ရေးထိုးစစ်နှင့်အတူ အရပ်သားအစိုးရသဏ္ဍာန် ပုံဖမ်းနေခြင်းဖြစ်သည်။

လက်ရှိ အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံထိရှိပြီး တီမောအပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့သည် တရားစွဲဆိုမှုများကို လက်ခံထားသဖြင့် တရုတ်၊ ရုရှားတို့ အကူအညီအပြင် ကျန်ရှိအဖွဲ့ဝင် နိုင်ငံတချို့အား အသိအမှတ် ပြုလာစေအောင် ရွေးတုအစိုးရက လိုက်လံထိတွေ့နေကြောင်း အကဲခတ်များ ထောက်ပြချက်နှင့် ၎င်းတို့ ထုတ်ပြန်ချက်များအရ သိရသည်။

ရွေးတုအစိုးရသည် အိမ်နီးချင်း တရုတ်၊ အာဆီယံအဖွဲ့ဝင်ဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်စသည့်နိုင်ငံအပြင် ရုရှားအပါအဝင် ဆက်ဆံမှုရှိသော နိုင်ငံတချို့အား ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်နှင့် သက်ဆိုင်ရာ နိုင်ငံများဆီသို့ ယခုရက်ပိုင်းအတွင်း ခေါ်ယူသွားရောက် တွေ့ဆုံ၍ သံတမန်ရေးရာ ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်ရန် အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံများအနက် လေယာဉ်အပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသော ရုရှားနိုင်ငံနှင့် နေပြည်တော်၌ တွေ့ဆုံမှုသည် မကြာမီ ပြုလုပ်သွားမည့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးပွဲမှတဆင့် ခေါင်းဆောင်များကို ထိတွေ့နိုင်ရန်ဖြစ်ပြီး ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ဖွယ်ရှိကြောင်း စစ်လော်ဘီများက ဆိုထားသည်။

အာဆီယံအဖွဲ့နှင့် ဆွေးနွေးဘက် ဆက်ဆံရေး (၃၅) နှစ်ပြည့်လာသော ရုရှားနိုင်ငံသည် အထိမ်းအမှတ်အဖြစ် လာမည့်ဇွန်လလယ်တွင် ၎င်းနိုင်ငံ၊ ကာဇန်မြို့၌ ယင်းထိပ်သီးအစည်းအဝေး ပြုလုပ်သွားရန် အာဆီယံခေါင်းဆောင်များကို တောင်းဆိုရာ (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် သဘောတူညီခဲ့ပြီး ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးရန် တောင်းဆိုလိုလားနေသည့် အိမ်နီးချင်း နိုင်ငံလည်းဖြစ် အာဆီယံ၏ အဓိကအဖွဲ့ဝင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တာဝန်ရှိသူများကိုလည်း နေပြည်တော်သို့ ဖိတ်ကြားခေါ်ယူ၍ လာမည့်နိုဝင်ဘာ၌ ထပ်မံကျင်းပသွားမည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ ရွေးတုသမ္မတ တက်ရောက်ခွင့်ရအောင် စည်းရုံးနေခြင်းဖြစ်သည်။

ယင်းအတွက် လက်ရှိအာဆီယံ အလှည်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ရွေးတုအစိုးရ၏ ဒုနိုင်ငံခြားရေးဝန်ကြီးအဖွဲ့ သွားရောက်၍ နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့စေရေး၊ အဓိကကျ ကဏ္ဍများတွင် ပူးပေါင်းမှု တည်ဆောက်ရေးနှင့် သံတမန်ရေးရာ ကိစ္စရပ်များ စသည်တို့ ဆွေးနွေးခဲ့ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ထုတ်ပြန်သည်။

ရွေးတုအစိုးရသည် ၎င်းတို့ကို ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) ရပ်အား ယခုထိတိုင် လိုက်နာခြင်းမရှိဘဲ အကြမ်းဖက် လုပ်ရပ်များ နေ့စဉ်ကျူးလွန်နေသော်လည်း အာဆီယံအဖွဲ့အတွင်း ပြန်လည်ဝင်ဆံ့၍ အသိအမှတ်ပြုလာရန် နေပြည်တော်သို့ အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများကိုလည်း ဖိတ်ကြားထားကြောင်း တပ်တွင်းအရင်းအမြစ်ထံက သိရသည်။

အလားတူ အာဏာသိမ်းမှုအပါအဝင် လေယာဉ်၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာနှင့် ငွေကြေးများ ထောက်ခံရောင်းချ ကူညီပံ့ပိုးပေးနေသည့် တရုတ်အစိုးရ တာဝန်ရှိသူများကိုလည်း နေပြည်တော်တွင် တွေ့ဆုံ၍ အာဆီယံအပြင် နိုင်ငံတကာ မျက်နှာစာ၌ ဝင်ဆံ့နိုင်ရေး၊ တရုတ်စီမံကိန်းများ ဖော်ဆောင်သွားရေးနှင့် ပိုမိုပူးပေါင်းသွားရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးပွဲပြီးနောက် ယခုရက်အတွင်း၌ပင် နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ကို ဖိတ်ကြား၍ ရွေးတုအစိုးရ၏ ဒုသမ္မတများနှင့် ရွေးတုလွှတ်တော်ဥက္ကဋ္ဌများက တွေ့ဆုံကြပြီး နယ်စပ်ဒေသ၊ ကျားဖြန့်အရေးနှင့် ဥပဒေ ပြဋ္ဌာန်းရေး၊ တရုတ်စီမံကိန်းများကိစ္စ စသည်တို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဆွေးနွေးမှုများတွင် တရုတ်သမ္မတ၏ အိမ်မက်အစိတ်အပိုင်းနှင့် လိုလားသော မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကိစ္စ၊ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေ ဦးစားပေး ပြဋ္ဌာန်းသွားမည့်ကိစ္စ တင်ပြသွားသလို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန်လည်း မြှောက်ပင့်ပြောဆိုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MOI