ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်များအတွင်းရှိ အသက်ပြည့်ပြီးသား အမျိုးသားများရှိသည့် နေအိမ်များထံ ရွေးတုအစိုးရ၏ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာများ လိုက်လံပေးပို့လျက်ရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

 

ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းဟူသော ရုံးစာများကို အုပ်ချုပ်ရေးမှူးများက လိုက်လံဝေငှနေခြင်း ဖြစ်ပြီး၊ ဆင့်ခေါ်စာတွင် သတ်မှတ်ရက်အတွင်း မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးရုံးသို့ မပျက်မကွက် လာရောက်သတင်းပို့ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရန် ဖော်ပြထားသည်။

“အသက်ပြည့်ပြီးသား ယောက်ျားလေးရှိတဲ့ အိမ်တိုင်းကို လိုက်ပို့နေတာ။ ထွေအုပ်ရုံးကို လာပြီး လက်မှတ်ထိုးခိုင်းတယ်။ အကယ်၍ သတ်မှတ်ရက်အတွင်း မလာရင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်ပြောဆိုသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

အလားတူ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန့်ဇင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် ဒေသခံ ပြည်သူများအပေါ် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးပြ ပိုမိုဖိအားပေးနေကြောင်း ဒေသခံများကပြောသည်။

 

လက်ရှိတွင် ရွှေတောင်နှင့် ကြို့ပင်ကောက်မြို့နယ်များ အနီးနားရှိ အခြားမြို့နှင့် ကျေးရွာမှာလည်း ယခုကဲ့သို့ စာပို့ဖိအားပေးမှုများ ရောက်ရှိလာတော့မည်ဆိုသည့် သတင်းများကြောင့် ဒေသခံလူငယ်များနှင့် မိဘများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။