ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

 

စစ်တပ်အာဏာသိမ်းထားသောကာလ ၂၀၂၁ – ၂၀၂၂ ခုနှစ်မှစတင်ကာအကြောင်းမျိုးမျိုးကြောင့် ကျောင်းနှင့်ကွင်းကွာနေသော ကလေးများ၏ အသက်အရွယ်အလိုက်တက်ရောက်ရမည့်အဆင့်ထက် တစ်ဆင့်နိမ့်အတန်းကို Placement test ဖြေဆိုရမည်ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

လာမည့် ဇွန် ၁၅ ရက်မှ ၁၉ ရက်အတွင်း မူလတန်းအဆင့် ( Grade 1 မှ 3 ) က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ကျန်ဘာသာများကိုနှုတ်ဖြေဖြေဆိုရကြောင်းသိရသည်။

 

ထို့ပြင် မူလတန်းအဆင့် ( Grede 4 မှ 5 ) အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ လူမှုရေးနှင့် အလယ်တန်းအဆင့် Grade 5 မှ 8 အထိအတန်းများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ တို့ကိုဖြေဆိုရမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

ကျောင်းသားများသည် အသက်အရွယ်အရ တက်ရောက်ရမည့်အတန်း၏ တစ်ဆင့်နိမ့်အတန်း ကိုဖြေဆိုရမည်ဖြစ်၍ ဥပမာအသက်အရွယ်အရ Grade 9 တက်ရောက်ရမည့် ကျောင်းသားသည် Grade 8 ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါလျှောက်ထားသူကျောင်းသားသည် placement test ကျရှုံးပါက မိမိဖြေဆိုသည့် အတန်းကိုသာ တက်ရောက်သင်ယူရမည်ဖြစ်သည်။

 

“အခုအစိုးရကျောင်းတက်နေတဲ့ကလေးတွေက ဘာစာမှမသိဘူး။ Grade လေးတန်း ငါးတန်းကလေးတွေဆို သူငယ်တန်းစာတောင်မသိဘူး။ သူတို့အတန်းစာသိဖို့မပြောနဲ့၊ ဘာစာမှမရကြဘူး။ ကိုယ်ပိုင်ကျောင်းက ကလေးတွေကနည်းနည်းတော်အုံးမယ်” ဟု မန္တလေးမြို့ခံကျောင်းသားမိဘတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြေဆိုခွင့်အတွက် ယခင်တက်ခဲ့သောကျောင်းထောက်ခံချက်မူရင်း သို့မဟုတ် မိတ္တူ တင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ပညာရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်အရ အရေးပေါ်အခြေအနေ ကြေညာထားသည့်မြို့နယ်မှ ကျောင်းသားများဟုတ်၊ မဟုတ်အတည်ပြုချက် အိမ်ထောင်စုစရင်းမူရင်းတင်ပြရမည်ဖြစ်ကြောင်းလည်းပါဝင်သည်။

 

ထို့ပြင် Placement test ( အထူးအစီစဉ်) ဖြေဆိုပြီး တက်ရောက်ခွင့်ကို ဇူလိုင် ၁ ရက်နေ့တွင်ထုတ်ပြန် မည်ဖြစ်ပြီး ယခု ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှစတင်တက်ရောက်နိုင်မည်ဖြစ်သည်။

 

စစ်အာဏာရှင်ရွေးတုအစိုးရ မင်းအောင်လှိုင်သည် ပညာရေးစနစ်အားနည်းကြောင်း မကြာခဏပြောဆိုလေ့ရှိပြီး စာသကျောင်းများကိုဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

 

ရွေးတုအစိုးရ၏ သက်တမ်းငါးနှစ်အတွင်းပညာရေးကဏ္ဍ၌ ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းအထိတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားထားသည်။

 

” ပညာရေးအတွက်ဘတ်ဂျက်တိုးပေးမယ်လို့ပြောတာပဲ။ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းဆောင်တွေပြိုနေတာ ပြန်မဆောက်ရသေးဘူး။ အခုပညာသင်နှစ်တော့ ဘတ်ဂျက်ကျမယ်ထင်တာပဲ။ ကလေးတွေ ကျောင်းချိန်နှစ်ချိန်တက်နေရတယ်။ ကျောင်းဆောင်အသစ်ရမှ အဆင်ပြေမယ်” ဟု ပဲခူးတိုင်းရှိ အထက်တန်းပြကျောင်းဆရာမတစ်ဦးက ဆိုသည်။

 

လက်ရှိတွင် ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာရမှုနှင့် စာသင်ကျောင်းများပျက်စီးမှုကြောင့် ကျောင်းနေအရွယ် ကလေး ငါးသန်းနီးပါးက ကျောင်းပြင်ပရောက်ရှိနေကြောင်း UNICEF ၏ ၂၀၂၅ ခုနှစ်ထုတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

မြန်မာနိုင်ငံရှိလူဦးရေထဲမှ အသက် သုံးနှစ်မှ ၂၅ နှစ်အတွင်းရှိ လူဦးရေ ၉ ဒသမ ၈ ရာခိုင်နှုန်းသည် လုံးဝကျောင်းမနေဖူးသူများဖြစ်ကြကြောင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်