ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရက်ချာစီမာ (ကိုရတ်) ခရိုင်ရှိ ရထားဘူတာတစ်ခုအနီးမှ ရထား လမ်းဘေးတွင် ဓားဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ မေ ၂၀ ရက် ညနေပိုင်းက ရထားလမ်းအနီး၌ ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ အိတ်တစ်လုံးကို ပွေ့ပိုက်လျက် မြေပြင်ပေါ်တွင် လဲကျနေသည့် ဒဏ်ရာရလူနာကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဓားထိုးခံရသည့် မြန်မာနိုင်ငံသားမှာ ကိုအောင်ကျော်စိုး ဖြစ်ပြီး ၎င်း၏ ရင်ဘတ်ညာဘက်အောက်တွင် ဓားထိုးခံထားရသည့် ပြင်းထန်ဒဏ်ရာ ရရှိထားသောကြောင့် မဟာရတ်နခွန်ရက်ချာစီမာ ဆေးရုံ သို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ပထမဆုံးရောက်ရှိပြီး ကူညီပေးခဲ့သည့် ဒေသခံတစ်ဦးက ၎င်းအနေဖြင့် အကူအညီတောင်းခံသံ ကြားရသဖြင့် သွားရောက်ကြည့်ရှုရာမှ ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသားကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာမှာ အမှိုက်များနှင့် ဆိုဖာအဟောင်းများ စွန့်ပစ်ထားသည့် နေရာ ဖြစ်ကြောင်း ပြောဆိုသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဓားထိုးခံရသည့် အခင်းဖြစ်ပွားရာ နယ်မြေအတွင်း၌ အဝတ်အစားများနှင့် အရက်ပုလင်းများကို တွေ့ရှိရသော်လည်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓား သို့မဟုတ် သံသယရှိသူကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(ကိုးကား – Khaosod English)
(Ref: Myanmar man found stabbed near Korat railway station)