ဧရာဝတီတိုင်းမ်
(တီးတိန်)၊မေ ၂၁ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် စစ်ရေးစိုးရိမ်မှုများကြောင့် ဘေးလွတ် ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသည့် ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက် လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးအင်အားစုများသည် တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် ဧပြီလက ထွက်ပေါ်ခဲ့သဖြင့် မြို့ခံအားလုံးနီးပါး ကလေးမြို့နှင့် အနီးနားရှိ ကျေးရွာများသို့ ကြိုတင်တိမ်း ရှောင်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်ရာဒေသ၌ စားဝတ်နေရေး ကျပ်တည်းမှု၊ အိမ်ငှားခ ကြီးမြင့်မှုနှင့် အထွေထွေ အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် တီးတိန်မြို့အတွင်း လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အတွက် ယခုအခါ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

“ကလေးမြို့မှာ အိမ်ငှားရမ်းခတွေ အရမ်းစျေးကြီးတယ်။ အလုပ်အကိုင်တွေကလည်းမရှိတော့ ဝင်ငွေ မရှိဘူး။ တဖြည်းဖြည်းနဲ့ စားဝတ်နေရေးပါ ကျပ်တည်းလာတယ်။ တီးတိန်မှာ တိုက်ပွဲလည်းမရှိ သေးတော့ နောက်ဆုံး ပြန်လာဖို့ ရွေးချယ်လိုက်ရတာပါ” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ ထက်ဝက်နီးပါး တီးတိန် မြို့တွင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် မြို့တွင်းလှုပ်ရှားမှုများ ပုံမှန်အတိုင်း ပြန်လည်ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေ ပြန်ဝင်ရောက်လာကြတော့ မြို့ထဲမှာ အခုက အရင်လို လှုပ်ရှားမှု ပုံမှန်အတိုင်းပါပဲ။ ဒါပေမဲ့လည်း ရှေ့ဆက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မသိရသေးတော့ စိုးရိမ်စိတ်တော့ ရှိနေတုန်းပဲ” ဟု အခြားတီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ ကာကွယ် ရေးတပ်(ဇိုလဲန်း) အပါအဝင် တခြားအဖွဲ့အစည်းများဘက်မှ ယနေ့ထိ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးပေ။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ လက်လွတ်ခဲ့ရသည့် ကလေး – သိုင်းငင်း – တီးတိန်၊ သိုင်းငင်း – ဖလမ်း၊ တီးတိန် – တွန်းဇံ၊ ဖလမ်း – ဟားခါး လမ်းပိုင်းများအပြင် ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။
ပုံစာ-ဒေသခံစစ်ရှောင်များကိုတွေ့ရစဉ်