ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းချပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်တေးနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ အရိပ်အမြွက်ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီအနီး စစ်အခြေစိုက်စခန်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ လက်နက်ရောင်းချရေးကိစ္စ မဆုံးဖြတ်ခင် ထိုင်ဝမ်သမ္မတဆီ ဖုန်းဆက်ဖို့ အစီအစဉ်ရှိသလားလို့ သ တင်းထောက်တွေက မေးမြန်းရာမှာ “ကျွန်တော် သူနဲ့ စကားပြောမှာပါ။ ကျွန်တော်က လူတိုင်းနဲ့ စကား ပြောပါတယ်” လို့ ဒေါ်နယ်ထရမ့်က တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့ အခြေအနေအားလုံးကို သေသေချာချာ ထိန်းချုပ်ထားနိုင်ပါတယ်” လို့ ၎င်းက ဆိုခဲ့ သလို ပြီးခဲ့တဲ့အပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးကိုလည်း အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုလို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် တရုတ်သမ္မတနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာလည်း ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်ကိစ္စနဲ့ပတ်သက်ရင် ထိုင်ဝမ်ကို ဦးဆောင်နေတဲ့သူနဲ့ စကားပြောရလိမ့်မယ်လို့ မှတ် ချက်ပြုခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကလည်း ဆွေးနွေးမှုတွေလုပ်ဖို့ အဆင်သင့်ရှိကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ကို လက်နက်ရောင်းချပေးမယ့်ကိစ္စဟာ တရုတ်နဲ့ ဆွေးနွေးတဲ့အခါ အ လွန်ကောင်းတဲ့ အပေးအယူလုပ်စရာ ဖဲချပ်တစ်ခုလို့ တင်စားပြောခဲ့ဖူးပါတယ်။

၁၉၇၉ ခုနှစ်မှာ အမေရိကန်က ထိုင်ဝမ်အစား တရုတ်နိုင်ငံကိုပဲ တရားဝင် သံတမန်ရေးအရ အသိ အမှတ်ပြုကြောင်း ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့ ထိုင်ဝမ် သမ္မတနှစ်ဦးအကြား တိုက် ရိုက်စကားပြောဆိုတာမျိုး မရှိခဲ့တာကြောင့် ဒေါ်နယ်ထရမ့်နဲ့ လိုင်ချင်တေးတို့ ဆွေးနွေးမယ်ဆိုရင် ဒါဟာ ထူးခြားထင်ရှားတဲ့ သံတမန်ရေးရာ တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒေါ်နယ်ထရမ့်က သမ္မတတာဝန်ကို ပထမဆုံးအကြိမ် မယူရသေးခင်မှာပဲ အဲဒီအ ချိန်က ထိုင်ဝမ်သမ္မတဖြစ်သူ ဆိုင်အင်းဝမ်နဲ့ ဖုန်းနဲ့ စကားပြောဆိုခဲ့ဖူးပါတယ်။

အဲဒီလုပ်ရပ်ဟာ အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံထားရသူတစ်ဦးအနေနဲ့ လုပ်လေ့လုပ် ထမရှိတဲ့ ရှားရှားပါးပါး လုပ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ဝါရှင်တန်အစိုးရကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက် မှုတွေ လုပ်လာအောင် တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။

လေ့လာစောင့်ကြည့်သူတွေက ဒေါ်နယ်ထရမ့်ရဲ့ အခုလို သဘောထားရပ်တည်ချက်ဟာ ထိုင်ဝမ် ကို လက်နက်ရောင်းချပေးနေတဲ့ အမေရိကန်ရဲ့ ရေရှည်ကျင့်သုံးလာခဲ့တဲ့ မူဝါဒအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်မလားဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ကိုးကား – NHK
Ref; Trump expresses intention to discuss arms sales with Taiwan’s president