ဧရာဝတီုတိုင်းမ်
မေ ၂၁ ရက်
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် နှစ်ပေါင်း ၄၀ ကြာမှ လူသားများနှင့် ဗီဇနီးစပ်ဆုံးဖြစ်သည့် လူဝံစုံတွဲ ရောက်ရှိလာကြောင်း ယင်းဥယျာဉ်က ယနေ့ မေ ၂၁ ရက်တွင် ကြေညာသည်။
ယခု ရောက်ရှိလာသည့် မျိုးစိတ်မှာ “Borneo Orangutan” လူဝံမျိုးစိတ်ဖြစ်ပြီး သဘာဝ တောရိုင်း အတွင်း၌ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသော (Critically Endangered) ရှားပါးမျိုးစိတ် စာရင်းဝင် ဖြစ်သည်။ အဆိုပါ ဘော်နီယိုလူဝံစုံတွဲအနက် အထီးလေးကို “လီယို” နှင့် အမလေးကို “ပင်ကီ” ဟု အမည်ပေးထားကြောင်း သိရသည်။

လူဝံများကို အရှေ့တောင်အာရှရှိ ဆူမားတြားနှင့် ဘော်နီယိုကျွန်းတို့တွင် အများဆုံး တွေ့ရှိနိုင်ပြီး ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များဖြစ်ကာ သဘာဝတောထဲ၌ အပင်မြင့်များပေါ်တွင် အသိုက် ဆောက်၍ နေထိုင်တတ်ကြသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ရုံ ဝင်ကြေးကို လူကြီးတစ်ဦးလျှင် ၃,၀၀၀ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၂,၀၀၀ ကျပ် သတ်မှတ်ထားပြီး သွားရောက်လည်ပတ်သူ များပြားသော်လည်း တိရစ္ဆာန်အများစုမှာ ပိန်လှီနေပြီး ရုံတွင်းပတ်ဝန်းကျင် ယိုယွင်းနေကြောင်း သွားရောက်လည်ပတ်သူများထံမှ သိရသည်။
“ကျောင်းပိတ်ရက်တွေမှာ စာအုပ်ထဲမှာပါတဲ့ တိရစ္ဆာန်လေးတွေကို ပြချင်လို့ တိရစ္ဆာန်ရုံ သွားပြတာ။ တိရစ္ဆာန်လေးတွေက ပိန်ညှောင်နေတာပဲ။ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းရေး အားနည်းတယ်။ အရိပ်နည်းတော့ တိရစ္ဆာန်လေးတွေ နေအတော်ပူရှာတယ်။ ဖျံလေးတွေထားတဲ့နေရာဆို ရေက ငါးညှီ နံ့ရပြီး မည်းညစ်နေတာပဲ။ တိရစ္ဆာန်လေးတွေ ကြည့်ရတာ ပျော်ပုံမရဘူး၊ ချောင်ထဲခွေနေကြတာပဲ” ဟု ရန်ကုန်မြို့ခံ ကလေးအမေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို စစ်အုပ်စုနှင့်ဆက်နွယ်မှုရှိသူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးထရေးဒင်းကုမ္ပဏီ (Htoo Trading) က လုပ်ပိုင်ခွင့်ရယူကာ လည်ပတ်နေခြင်းဖြစ်သည်။
တိရစ္ဆာန်ဥယျာဉ်အတွင်း၌ နို့တိုက်သတ္တဝါ ၄၅ မျိုး (၆၀၁ ကောင်)၊ ကျေးငှက်သတ္တဝါ ၆၉ မျိုး (၅၈၃ ကောင်)၊ တွားသွားသတ္တဝါ ၁၈ မျိုး (၂၀၂ ကောင်) စုစုပေါင်း ၁၃၂ မျိုး (၁,၃၈၆ ကောင်) ရှိကြောင်း တိရစ္ဆာန်ရုံမှတ်တမ်းများအရ သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးကို ၁၉၀၁ ခုနှစ်တွင် ပြည်သူလူထုထံမှ ကောက်ခံရရှိသည့် အလှူငွေ ၂၄၀,၀၀၀ ကျပ်ဖြင့် ကန်တော်ကြီးအနီးရှိ မြေရိုင်း ၆၁ ဧကကို ရှင်းလင်းကာ စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် “ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံ” (Victoria Memorial Park)” ဟု ကမ္ဗည်းတပ်ကာ အင်္ဂလန်ပြည် ဝေလမင်းသားနှင့် မင်းသမီးတို့က အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည့် သမိုင်းဝင် တိရစ္ဆာန်ရုံကြီးတစ်ခု ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်, Zoo