ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

အမေရိကန် တရားရေးဝန်ကြီးဌာနက ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရိုကို တရားစွဲ ဆိုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ လူ ၄ ဦး သေဆုံးခဲ့ရတဲ့ အရပ်ဘက် လေယာဉ် ၂ စီး ပစ်ချခံရမှုနဲ့ ကက်စထရိုမှာ ပတ်သက်မှုရှိနေတယ်လို့ စွပ်စွဲထားတာပါ။

အမေရိကန် တရားရေးဝန်ကြီးဌာန ယာယီရှေ့နေချုပ် တုဒ်ဘလန့်ချ်က ဖလော်ရီဒါပြည်နယ် တောင်ပိုင်း မိုင်ယာမီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကက်စထရိုနဲ့ တခြားပတ်သက်သူတွေကို လေယာဉ်ဖျက်ဆီးမှု၊ လူသတ်မှု ၄ မှု အပါအဝင် တ ခြားသော ပြစ်မှုတွေနဲ့ပါ ထပ်တိုးစွဲချက်တင်ထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဖလော်ရီဒါအခြေစိုက် ကျူးဘားပြည်ပြေးတွေကို ကူညီပေးနေတဲ့အဖွဲ့က မောင်းနှင်လာတဲ့ အရပ် ဘက်လေယာဉ်တွေကို ကျူးဘားတိုက်လေယာဉ်တွေက ပစ်ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ကျူးဘား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ကက်စထရိုနဲ့ တခြား စစ်ဘက်အရာရှိတွေက ဒီလိုပစ်ချဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ အမေရိကန်အာဏာပိုင်တွေက စွပ်စွဲခဲ့ပါ တယ်။

အသက် ၉၄ နှစ်အရွယ် ရာအူးလ်ကက်စထရိုဟာ ကျူးဘားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးရာ တွေမှာ အခုထိ ဩဇာလွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

သူဟာ ၁၉၅၉ ခုနှစ်မှာ သူ့ရဲ့အစ်ကိုဖြစ်သူ ဖီဒယ်ကက်စထရိုနဲ့အတူ အမေရိကန်ကျောထောက် နောက်ခံပြုအစိုးရကို ဖြုတ်ချပြီး ဆိုရှယ်လစ်အစိုးရကို ထူထောင်ခဲ့တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဖြစ်ကာ ၂၀၀၈ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ရာထူးကနေ အနားယူခဲ့တာပါ။

အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာအောင် ဖိအားပေးတဲ့အနေနဲ့ ရေနံပိတ်ဆို့ဖြတ်တောက်မှုတွေ အပါအဝင် ဖိအားပေးမှုတွေကို တိုး မြှင့်လုပ်ဆောင်နေပါတယ်။

လက်ရှိ ကျူးဘားခေါင်းဆောင် မီဂွယ်ဒီယက်ဇ်ကာနယ်ကတော့ အမေရိကန်ရဲ့ အခုလို စွဲချက် တင်မှုကို ဥပဒေကြောင်းအရ အခြေအမြစ်မရှိတဲ့ နိုင်ငံရေးလှည့်ကွက် တစ်ခုသာဖြစ်တယ်လို့ တုံ့ပြန်ထား ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုလို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်လိုက်တာ ဟာ အလွန်ကြီးမားတဲ့ အလှည့်အပြောင်းကာလတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ကျွန်တော်တို့ ကျူးဘားကို လွတ် မြောက်အောင် လုပ်ပေးနေတာပါ” လို့ သူက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ကျူးဘားပြည်သူတွေအတွက် စပိန်ဘာ သာစကားနဲ့ ဗီဒီယိုသဝဏ်လွှာတစ်ခု ပါးခဲ့ပြီး သူ့ရဲ့မိဘတွေဟာ ကျူးဘားကနေ ထွက်ခွာလာခဲ့ကြသူတွေ ဖြစ်ပြီး ကျူးဘားနိုင်ငံရဲ့ အခုလိုပြဿနာတွေ ကြုံတွေ့နေရတာဟာ အကျင့်ပျက်ခြစားနေတဲ့ ခေါင်း ဆောင်မှုကြောင့်လို့ အပြစ်တင်ထားတာပါ။

အမေရိကန်က စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ဖို့ အဆင်သင့်ရှိနေပြီး အမေရိကန်ရဲ့ ကူညီပံ့ပိုးမှု တွေနဲ့အတူ ကျူးဘားနိုင်ငံသစ်တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ၎င်းက ကမ်းလှမ်းခဲ့ပါတယ်။

ကျူးဘားနို င်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်က ရူဘီယိုရဲ့ ဗီဒီယိုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး သူဟာ လိမ်လည်လှည့်ဖြားထားတဲ့ ဇာတ်ညွှန်းဟောင်းကိုပဲ ထပ်ခါတလဲလဲ ရွတ်ပြနေတာ ဖြစ်သလို အမေရိကန်ဟာ ပြဿနာအားလုံးအတွက် ကျူးဘားအပေါ်ကိုပဲ လွှဲချဖို့ ကြိုးစားနေတာလို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; US indicts former Cuban President Raul Castro