ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တပ်အင်အား မရှုမလှ လိုအပ်ချက်များရှိနေသဖြင့် အရွယ်ရောက်သူ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေရချိန်တွင်၊ ရွေးတုအစိုးရ၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုသို့ အဓမ္မခေါ်ယူခံထားရသူများကို တစ်ဆင့်မြင့် ရာထူးများ ချီးမြှင့်ထားကြောင်း ကလောတပ်နယ်၌ စည်းရုံးရေးဆင်း ပြောဆိုသွားသည်။
ကာချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ပြီးခဲ့သည့် မေ ၁၈ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကွပ်ကဲမှုအောက်ရှိ ကလောတပ်နယ်သို့ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာစဉ် ၎င်းတို့ အတင်းအဓမ္မ ခေါ်ဆောင်ထားသည့် ပြည်သူ့စစ်မှုထမ်းဆိုသူများသည် ကာကွယ်ရေး တာဝန်များကို ရဲဝံ့စွာ ထမ်းဆောင်နေကြသဖြင့် စွန့်လွှတ်စွန့်စားစိတ်ရှိသူများကို တစ်ဆင့်မြင့်ရာထူးများနှင့် စွမ်းရည် သတ္တိဆိုင်ရာ ဆုတံဆိပ်များ ချီးမြှင့်ပေးနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ပြည်သူ့စစ်မှုထမ်းတွေအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်တွေမှာ ရဲရဲဝံ့ဝံ့ဖြင့် ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေတယ်။ စွန့်လွှတ်စွန့်စားစိတ်နဲ့ တာဝန်ထမ်းနေသူတွေကို တစ်ဆင့်မြင့်ရာထူးတွေ ချီးမြှင့်တာ၊ စွမ်းရည်သတ္တိဆိုင်ရာ ဆုတံဆိပ်တွေ ချီးမြှင့်တာမျိုး ဆောင်ရွက် ပေးနေတယ်” ဟု ၎င်းက ပြောသည်။
သို့သော် အဆိုပါ စကားရပ်သည် တပ်ပြေးစွန့်ခွာမှုများပြားလွန်းသဖြင့် အခြေပျက်နေသည့် လက်အောက်ခံ သန္ဓေတပ်ဖွဲ့ဝင်နေရာများတွင် အစားထိုးရန်နှင့် ၎င်းတို့ပါ ထပ်မံထွက်ပြေးခြင်းမရှိစေရန် စစ်မှုထမ်း တပ်သားအချို့ကို အယောင်ပြ စံပြအဖြစ် ဆုတံဆိပ်များပေးကာ စည်းရုံး သိမ်းသွင်း နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များနှင့် CDM အသိုင်းအဝိုင်းက ဆိုသည်။
အသွင်ပြောင်း ရွေးတုအစိုးရသည် မြေပြင်တွင်မူ ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပူးပေါင်းကာ ရှမ်းတောင်အတွင်းရှိ လူငယ်များကို အဓိကထား၍ တပ်သားသစ်များ အဆက်မပြတ် ဖမ်းဆီးစုဆောင်းလျက်ရှိသည်။
ထို့ပြင် တကျော့ပြန် ခုခံတော်လှန်မှုများ ပြင်းထန်လာသဖြင့် တပ်သားသစ် စုဆောင်းမှုများကို ပိုမိုတိုးမြှင့်လာသလို ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် ရိက္ခာထောက်ပံ့ခိုင်းခြင်းများ ပြုလုပ်ကာ ဖမ်းဆီးရမိသည့် လူငယ်များကို အသေအပျောက်များသည့် ရှမ်းတောင်နှင့် ကရင်နီ ပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်များသို့ အတင်းအဓမ္မ အင်အားဖြည့်တင်း စေလွှတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကမူ အဓမ္မစစ်မှုထမ်းရသူများထဲတွင် ၎င်းတို့၏ သဘောဆန္ဒ အလျောက် ဆက်လက်ထမ်းဆောင်ရန် ဆန္ဒပြုသူများ ရှိနေသည်ဟု ဆိုကာ လက်အောက်ခံ သန္ဓေတပ်များကို ရဲဘော် ရဲဘက်စိတ်ဖြင့် လက်တွဲခေါ်ရန် ညွှန်ကြားခဲ့သည့်အပြင်၊ အရန်အင်အားအဖြစ် စစ်မှုထမ်းဟောင်းများကိုပါ ပြန်လည်အသုံးပြုမည့်အချက်ကို ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းအပြင် ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို ဆန့်ကျင်ကာ ပြည်သူ့ဘက် ကူးပြောင်းခိုလှုံသွားကြသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် CDM များကိုလည်း အပြစ်တင်စကား ပြောကြားသွားခဲ့သည်။
(ဓာတ်ပုံ – MOI)