ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ မေ ၂၀ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးအား အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းပြီးနောက် လမ်းတွင် သေနတ်ပြရိုက်နှက်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း တို့ကို လုယက်ယူဆောင်သွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

တောင်ငူမြို့၊ မိုင်တာကွင်းအနီးရှိ အင်းဝဘဏ်တွင် လုံခြုံရေးတာဝန်ကျနေသည့် ရွေးတုအစိုးရစစ်တပ်မှ စစ်သားနှစ်ဦးသည် ယမန်နေ့ မေ ၁၉ ရက် ညနေ ၅ နာရီဝန်းကျင်က လူငယ်တစ်ဦးအား ညောင်ကိုင်း ကျေးရွာ (ညောင်ကိုင်းတက္ကသိုလ်) ဘက်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်သည်။

လိုက်ပို့ခိုင်းသူ နှစ်ဦးသည် လမ်းခုလတ်သို့ ရောက်ရှိချိန်တွင် လိုက်ပို့သည့်လူငယ်ကို သေနတ်ပြ ခြိမ်းခြောက်ကာ ထိုးကြိတ်ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို လုယူကာ မောင်းထုတ် ခဲ့သဖြင့် အဆိုပါလူငယ်မှာ ကြောက်လန့်တကြားဖြင့် နေအိမ်သို့ လမ်းလျှောက်ပြန်လာခဲ့ရသည်။

” ကောင်လေးက အင်းဝဘဏ် လုံခြုံရေး အစောင့်တစ်ဦးနဲ့ ရင်းနှီးတော့ သွားလည်တာ။ လုံခြုံ ရေး နှစ်ယောက်က ငါတို့ကို ညောင်ကိုင်း တက္ကသိုလ်ဘက် လိုက်ပို့ပေးအုံးဆိုပြီး လိုက်ပို့ခိုင်းတယ် ။ လမ်းရောက်တော့ သေနတ်ပြပြီး မင်းသွားတော့ ဆိုင်ကယ် နဲ့ ဖုန်းပေးခဲ့ဆိုပြီး ပြောပြောဆိုဆို ထိုးကြိတ် ရိုက်နှက်ပြီး ပြန်လွတ်လိုက်တယ်။ ကောင်လေးလဲ ကြောက်ပြီး အိမ်ကို လမ်းလျှောက်ပြီး ပြန်လာ ခဲ့တယ် ။ ဖြစ်စဥ်အသေးစိတ်ကိုတော့ ရဲစခန်း တိုင်ထားပါတယ်” ဟု ဆိုင်ကယ် နှင့် ဖုန်း အလုခံခဲ့ရသူ လူငယ်၏ သူငယ်ချင်း ဖြစ်သူက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ဆိုင်ကယ်နှင့် ဖုန်းလုယက်ခံရသူမှာ တောင်ငူမြို့၊ (၁၁) ရပ်ကွက်၊ ကျွန်းတောကုန်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မောင်ချစ်ဝင်းထွန်းပြီး ၎င်းထံမှ ထိုင်းနိုင်ငံထုတ် ကလစ် (Click 150) အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ လုယက်မှုကျူးလွန်ခဲ့သည့် လက်နက်ကိုင်စစ်သားနှစ်ဦး တာဝန်ကျရာ အင်းဝဘဏ်သည် စစ်တပ်ပိုင် ဘဏ်တစ်ခုဖြစ်ပြီးနေ့ရောညပါ လက်နက်ကိုင်လုံခြုံရေးအစောင့်များ ချထားသည့် ဘဏ် ဖြစ်သည်။

အဆိုပါ အင်းဝဘဏ်တွင် လုံခြုံရေးယူနေသည့် လက်နက်ကိုင် ရွေးတုအစိုးရတပ်သားများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ကလည်း တောင်ငူမြို့၊ ဘုရားလမ်းတွင် နေထိုင်သည့် ဖြူးမြို့နယ်တာဝန်ကျ EPC ဝန်ထမ်းတစ်ဦးအား ထီးလှိုင်အမြန်လမ်းဘေးတွင် ထိုးကြိတ်ကာ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးသည်။

ထို့သို့ခေါ်ဆောင်ပြီးနောက် အခန်းကျဉ်းတစ်ခုအတွင်း ၃ ရက်တိုင် ပိတ်လှောင်ထားပြီး ငွေကျပ်သိန်း ၈၀ ဖြင့် ပြန်ပေးဆွဲ ရွေးခိုင်းခဲ့သဖြင့် မိသားစုဝင်များက ငွေပေး၍ ပြန်ရွေးခဲ့ရသည့် ဖြစ်စဉ်းများလည်း ရှိကြောင်း သိရသည်။

ဓာတ်ပုံ – CJ