‎ဧရာဝတီတိုင်းမ်
‎မေ ၂၀ ရက်

‎ဖားကန့်မြို့နယ်ရှိ မှော်ဝမ်းလေးကျေးရွာကို ရွေးတုအစိုးရစစ်တပ်နှင့် ရှမ်းနီတပ် (SNA) ပူးပေါင်း တပ်က မီးတင်ရှို့ခဲ့သည့်အတွက် နေအိမ် ၅၈ လုံးခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မှော်ဝမ်းလေးကျေးရွာတွင်ရှိနေသည့် စစ်တပ်နှင့်SNA ပူးပေါင်းအဖွဲ့များသည် ‎ယနေ့ မေ ၂၀ရက် နံနက် ၁နာရီခန့်က နေအိမ်များကို မီးစတင်ရှို့ခဲ့ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်နိုင်ခြင်းမရှိသည့်အတွက် နေအိမ် အများစု မီးလောင်ကျွမ်းခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


‎”အိမ်တိုင်းလိုလို အဖောက်ခံထားရပေမယ့် နေဖို့ အိမ်ခွံတော့ကျန်သေးတာပေါ့။ အခုတော့ ပြန်‌နေလို့ ရရင်တောင် အိမ်ကမရှိတော့ဘူး” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


‎မီးရှို့ခံရသည့် မှော်ဝမ်းလေးကျေးရွာမှ ဒေသခံများမှာ စစ်ဘေးရှောင်နေရပြီး နေအိမ်အများစုမှာလည်း စစ်တပ်၏ ဖောက်ထွင်းခိုးယူထားမှုကြောင့် တန်ဖိုးကြီးပစ္စည်းများဆုံးရှုံးထားပြီးဖြစ်ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ယမန်နေ့ မေ ၁၉ ရက်က ‎ရွေးတုအစိုးရ စစ်တပ်များ ရှိနေသည့် ယူမာကျေးရွာအတွင်းမှနေရာအချို့ကို ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ် ဘက်မှ လေးဦးထက်မနည်းသေဆုံးမှုရှိခဲ့သည်။

လတ်တလောတွင် စစ်တပ်က ‎ဖားကန့်ဒေသရှိ ကျေးရွာများအတွင်း စစ်ကြောင်းများ နေရာဖြန့်ထားပြီး SNA တပ်ကိုပါ အလုံးအရင်းခေါ်သွင်းထားသည်။ ဖားကန့်ဒေသတွင်း ရောက်ရှိနေသည့် စစ်တပ်နှင့်SNA တို့သည် ခရီးသွားပြည်သူများထံမှ ဆိုင်ကယ်၊ ငွေကြေးနှင့် ကျောက်စိမ်းများ လုယူသည်အထိ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ပုံစာ-မှော်ဝမ်းလေးကျေးရွာကို စစ်တပ်နှင့်SNA ပူးပေါင်းအဖွဲ့ မီးရှိုနေသည်ကို တွေ့ရစဉ်။