ဧရာဝတီတိုင်းမ်
မေ ၂ဝ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် အမတ- ၃၄၄ တိုက်ပွဲတွင် ရွေးတုအစိုးရစစ်တပ်၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အာရက္ခတပ်တော် (AA) ၏ စနိုက်ဘာ ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

AA အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်နှင့် ရွေးတုအစိုးရစစ်တပ် တို့သည် မေလ ဒုတိယပတ် အတွင်းက ရေကြည်အမြောက်တပ် ၃၄၄ ၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်တို့တွင် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာသေဆုံးမှုများပြားလျက်ရှိသည်။

“မဆရ-၄ မှာ တင်ထားတဲ့ တိုက်ပွဲအတွင်းက ထိခိုက်ဒဏ်ရာရ ရာထူးကြီး‌ပိုင်းတွေ သေတာ တစ်ကောင်ပြီး တစ်ကောင်ပဲ။ ၃၄၄ က ထိလာတဲ့ ဒုတပ်ရင်းမှူးတစ်ကောင်လည်း မနေ့က သင်္ဂြိုဟ် တယ်”ဟု ဧရာဝတီစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

ဒုတပ်ရင်းမှူးဗိုလ်မှူးဟိန်းဇော်အောင်သည် အမြောက်တပ် ၃၄၄ တိုက်ပွဲတွင် စနိုက်ဘာကျည်ထိမှန်ကာ ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ခုတင် ၃၀၀ ဆေးရုံ မဆရ-၄ တွင် ဆေးဝါးကုသမှုခံနေစဉ် မေ ၁၉ ရက်က သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသည့် ဗိုလ်မှူးဟိန်းဇော်အောင်၏ ရုပ်အလောင်းကို မေ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်တွင် နတခ စစ်ဌာနချုပ်မှ မော်တော်ယာဉ် ၂၄ စီးဖြင့် လုံခြုံရေးအပြည့်ယူကာ ပုသိမ်မြို့ ရွှေမြင်တင်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့မှ ဖော်ပြထားသည်။

မတ်လ ၂၆ ရက်နေ့ကလည်း ဧရာဝတီစစ်မျက်နှာအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၃၆) နှစ်အရွယ် ဗိုလ်မှူးတစ်ဦးမှာ မဆရ ၄တွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့သလို ပြီးခဲ့သည့် စက်တင် ဘာ ၂ ရက်နေ့ကလည်း ခလရ- ၆၃ မှ ဒုတပ်ရင်းမှူး သက်နိုင်ထွန်းသည် ဧရာဝတီတိုင်း စစ်မျက်နှာအတွင်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့သည့်အတွက် ရွှေမြင်တင် မီးသင်္ဂြိုလ်စက်ကို ပို့ဆောင်ကာ မီးသင်္ဂြိုဟ် ခဲ့ရသည်။

လက်ရှိတွင် ရေကြည်မြို့နယ် မြောက်စမ်းအမြောက် တပ် ၃၄၄ ကို AA နှင့်ပူးပေါင်းအဖွဲ့က အလုံး အရင်းနှင့် ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်တပ်အရာရှိ မိသားစုဝင်များကို ကျုံပျော်သို့ အရေးပေါ်ပြောင်းရွှေ့နေရသည်။

မြောက်စမ်းကျေးရွာ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းထဲတွင် ရွေးတုအစိုးရစစ်တပ်၏ ဧရာဝတီ တိုင်း၊ ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၉၈)၊ ဓနုဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၀၈)နဲ့တပ်မ ၆၆ လက်အောက်ခံ (ခလရ ၁၄) တပ် ရင်းစသည်တို့ ပို့ဆောင်ထားကြောင်း သိရသည်။

(ဓာတ်ပုံ – AA Info Desk)