ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

 

တရုတ်နိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်ပြီး ရက်ပိုင်းအကြာမှာပင် ရုရှားသမ္မတ ဗလာဒီမီလာပူတင်သည် ပေကျင်းမြို့တော်သို့ရောက်ရှိလာကာ တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပခဲကြောင်း သိရသည်။

 

ရုရှားသမ္မတပူတင်သည် အင်္ဂါနေ့ညနေပိုင်းက ပေကျင်းမြို့သို့ ရောက်ရှိလာပြီးနောက် ယနေ့ မေ ၂၀ ရက် ဗုဒ္ဓဟူးနေ့ တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် မငြိမ်မသက်မှုများ မြင့်တက်နေချိန်တွင် ယခုပြုလုပ်သည့် ရှီ-ပူတင် ထိပ်သီးအစည်းအဝေးသည် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေဖွယ်ရှိကြောင်းသိရသည်။

ခေါင်းဆောင်နှစ်ဦးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှသည် အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် လေးနှစ် ကျော်ကြာသည်အထိ အဆုံးသတ်မည့် အရိပ်အယောင်မြင်ရခြင်းမရှိဘဲ ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲအထိ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

အဆိုပါဆွေးနွေးပွဲအစီအစဉ်တွင် ရုရှားအနောက်ပိုင်းမှ သဘာဝဓာတ်ငွေ့များကို မွန်ဂိုလီးယား နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံမြောက်ပိုင်းသို့ ပို့လွှတ်မည့် “Power of Siberia 2” ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအကြောင်းလည်း ပါဝင်နိုင်ကြောင်း သိရသည်။

 

ယင်းစီမံကိန်းသည် မော်စကိုအတွက် ဆုံးရှုံးသွားသော ဥရောပစျေးကွက်နေရာတွင် အစားထိုး နိုင်မည့်အပြင်၊ ပေကျင်းအတွက်လည်း ရေကြောင်းလမ်းမှတစ်ဆင့် စွမ်းအင်တင်သွင်းရမှုအပေါ် မှီခို နေရခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

ကရင်မလင်နန်းတော်၏ ပြောကြားချက်အရ ပူတင်၏ခရီးစဉ်အတွင်း သဘောတူညီချက်ပေါင်း ၄၀ ခန့် လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နောက်ဆုံးတွင် ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်းနှင့် ယူကရိန်းအရေးတွင် အမေရိကန်အနေဖြင့် ကြားဝင်စေ့စပ်ပေးရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ကရင်မလင်နန်းတော်က တနင်္လာနေ့တွင် တိုက်တွန်းပြောကြားခဲ့ ကြောင်းဖော်ပြထားသည်။

 

ယင်းပြင် ပေကျင်းနှင့် မော်စကို နှစ်နိုင်ငံစလုံးသည် ဝါရှင်တန်၏ ဖိအားပေးမှုများကို တိုးမြှင့် ခံလာရသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အလျောက် မဟာဗျူဟာမြောက် ဆက်သွယ်ပြောဆိုမှု များကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လာခဲ့ကြပြီး ဆက်ဆံရေးမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးအခြေအနေတွင် ရှိနေကြောင်း အရာရှိများက ချီးမွမ်းပြောဆိုကြသည်။

ယခုနှစ်သည် တရုတ်နှင့် ရုရှားတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၃၀ ပြည့်မြောက်နှစ်ဖြစ်ပြီး ပေကျင်းနှင့် မော်စကိုတို့ ကျောထောက်နောက်ခံ ပေးထားသည့် လုံခြုံရေးမဟာမိတ်အဖွဲ့ဖြစ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) တည်ထောင်ခဲ့သည့် ၂၅ နှစ်ပြည့်မြောက်သည့်နှစ်လည်းဖြစ်ကြောင်းဖော်ပြထားသည်။

 

ကိုးကား – South China Morning Post
Ref : ‎Xi-Putin summit live: Xi calls for Beijing and Moscow to seize opportunity, strengthen ties
‎Russian president has travelled to the Chinese capital just days after US leader Donald Trump’s visit
ဓာတ်ပုံ – South China Morning Post