ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသအချို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည့် အခြေအနေရှိကြောင်းကို AA က ထုတ်ပြန် လာသည်။
အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် မေ ၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးတွင် ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ တဲတစ်လုံးကို တွေ့ရှိ၍ ဝင်ရောက်စစ်ဆေးရာ WY စိတ်ကြွဆေးပြား ၃၂ သိန်း သယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရသူများမှာ ဥသျှစ်ပင်မြို့ ပြည်တော်သာရပ်ကွက်နေ အောင်လကျော် ၄၀ နှစ်၊ နှင့် ပြည်မြို့၊ ဗိုလ်တထောင်ရပ် အောင်ကျော်မိုး ၄၁ နှစ်တို့ဖြစ်ကြောင်း အာရက္ခမှုခင်း နှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ WY စိတ် ကြွဆေးပြားများသည် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ နယ်ရှိ မိုးကျော်ထွေးနှင့် ရန်နိုင်တို့၏ ပစ္စည်းများဖြစ်ပြီး ၎င်းတို့သည် ရွေးတုအစိုးရ စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင် နေသူများ ဖြစ်ကာ စစ်တပ်စစ်ဆေးရေးဂိတ်များမှ စစ်ဆေးခြင်းမရှိဘဲ အလွယ်တကူဖြတ်ကျော်ခွင့် ရရှိခဲ့ကြောင်း ဖမ်းဆီးရမိသူ နှစ်ဦးထံမှ သိရသည်။
အမှုကို AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး( DLEPS) ဌာနက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ – ၁၉(က)/၂၁/ကျင့် – ၅၁၂ အရ ၂၀၂၆ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ဒေသသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာသည့် စစ်ရေး၊ ပထဝီနိုင်ငံရေးအရ AA လုပ်ရှားနေသည့် နေရာတစ်ခုဖြစ်သည့်အပြင် ပြည်သူလူထုနှင့်အတူ တရားဥပဒေစိုးမိုးရေးကို ပူးပေါင်းဆောင်ရွက်နေသည့် ဒေသဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
AA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ပန်းတောင်းမြို့ရှိ မြို့နယ်ဒေသအချို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် အုပ်ချုပ်ရေးယန္တရားပင်လည်ပတ်နေသည်ကို ယခုကဲ့သို့ တရားဝင်ထုတ်ပြလာခြင်းဖြစ်သည်။
လက်ရှိတွင် ပန်းတောင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ ကို AA က လက်နက်ကြီး များဖြင့် ပစ်ခတ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ အရာရှိနှင့်မိသားစုဝင်များပင် နေရာ ပြောင်းရွှေ့ ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ-အာရက္ခမှုခင်း နှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့