ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မက္ကဆန်ဘူတာအနီး၌ ဖြစ်ပွားခဲ့သည့် လူ ရှစ် ဦး သေဆုံးကာ ၃၀ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည့် ရထားတိုက်မှုဖြစ်စဉ်မှသေဆုံးသူ မိသားစုဝင်များကို နစ်နာကြေး အဖြစ်တစ်ဦးလျှင် ဘတ်ငွေ ၂.၃ သန်းကျော်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများက သေဆုံးသူ ရှစ် ဦးအနက် ခြောက် ဦးမှာမည်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့ထဲတွင် သေဆုံးသူများအနက် မြန်မာနိုင်ငံသားတစ်ဦး ပါဝင်နေကြောင်း ရဲတပ်ဖွဲ့ မှုခင်းဆေး ပညာဌာန၏ စစ်ဆေးချက်များအရ သိရသည်။

သေဆုံးသူများမှာ တက္ကသိုလ်ကျောင်းသားတစ်ဦး၊ ကဆက်ဆတ် (Kasetsart) တက္ကသိုလ် ကျောင်းသား ဟောင်းတစ်ဦး၊ အသက် (၆၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အိမ်အကူတစ်ဦး၊ ကုမ္ပဏီဝန်ထမ်း တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ ဖြစ်ပြီး အတည်မပြုနိုင်သေးသည့် ရုပ်အလောင်း နှစ် ခုကိုမူ DNA စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီရီဖွန် အံခါစကူလ်ကရက် (Siripong Angkasakulkiat) က ယခုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် တစ်ဦးလျှင် ဘတ်ငွေ၂.၃၉ သန်းခန့် နစ်နာကြေး ပေးမည်ဖြစ်ပြီး ဒဏ်ရာရသူများကိုမူ ထိခိုက်မှုအခြေအနေအပေါ် မူတည်ကာ ဘတ်ငွေ ၁ သန်းအထိ နစ်နာကြေးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နစ်နာကြေးငွေများကို ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(BMTA) နှင့် နိုင်ငံပိုင်ရထားလုပ်ငန်းတို့၏ ရန်ပုံငွေများမှ နစ်နာကြေးများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Khaosod English