ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

အာဆီယံနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ မြန်မာအာဏာပိုင်တွေရဲ့ ချဉ်းကပ်ပုံ အခင်းအကျင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ပြောင်းလဲမှုတွေ ရှိလာတာကို တွေ့ရပြီး လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းချက် ရှာဖွေဖို့နဲ့ ဆွေးနွေးဖို့ အတွက် စစ်အုပ်စုက ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာတာကို တွေ့မြင်နေရပြီလို့ မလေးရှား နိုင်ငံခြားရေးဝန် ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

အင်္ဂါနေ့တုန်းက နေပြည်တော်မှာ မြန်မာစစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း ဒီလိုပြောင်းလဲလာမှုကို သိသိသာသာ သတိပြုမိခဲ့တာလို့ ၎င်းက ဆိုပါတယ်။

မိုဟာမက်ဟတ်ဆန်ဟာ အင်္ဂါနေ့တုန်းက ဆူဘန်းမြို့မှာရှိတဲ့ မလေးရှား တော်ဝင်လေတပ်စခန်း မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ချဉ်းကပ်ပုံ နည်းလမ်းအသစ်တစ်ရပ် ချမှတ်နိုင်ဖို့ အာဆီ ယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ တာဝန်ပေးခံထားရတယ်လို့ သူက ပြောပါတယ်။

ခရီးစဉ်အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့မှုကို အစိုးရအဖွဲ့မှာ တင်ပြဆွေးနွေးဖို့ အစီ ရင်ခံစာ ပြင်ဆင်မှာဖြစ်သလို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အချင်းချင်းကြားမှာလည်း ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ဆွေးနွေးသွားမယ်လို့ ၎င်းက ဆိုပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေအားလုံး တစ်နေရာ တည်းမှာ တွေ့ဆုံဆွေးနွေးနိုင်ရေး ကူညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပေမဲ့ စစ်အုပ်စုကို ဖိအား ပေးသလိုမျိုး မဖြစ်စေဘဲ သတိထား ကိုင်တွယ်သွားဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်အုပ်စုနဲ့ အတိုက်အခံတွေက ဘာတွေ မျှော်မှန်းထားလဲ၊ ဘယ်လို ရှေ့ဆက်သွားချင်လဲ ဆိုတဲ့ အကြံပြုချက်တွေ တောင်းခံထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု မပြိုလဲသွားစေချင်ဘူးလို့ မိုဟာ မက်ဟတ်ဆန်က ပြောပါတယ်။

စစ်အုပ်စုက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ ပြည်သူအပေါ် အကြမ်းဖက် တိုက် ခိုက်မှုတွေကို ရပ်တန့်ပြီး လမ်းကြောင်းသစ်တစ်ခုဆီ ဦးတည်သွားဖို့ မလေးရှားနဲ့ အာဆီယံရဲ့ မျှော်လင့် ချက်ကိုလည်း ၎င်းက ထပ်လောင်းပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မြန်မာခေါင်းဆောင်တို့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောပြခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် အဲဒီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ် အနည်း ဆုံး ၆ လ ဒါမှမဟုတ် သတ်မှတ်ချက်မရှိဘဲ ဆက်ပြီး သက်တမ်းတိုးပေးဖို့ မလေးရှားက တောင်းဆိုထား တယ်လို့လည်း မိုဟာမက်ဟတ်ဆန်က ဆိုပါတယ်။

ကိုးကား – Bernama
Ref; Myanmar Authority Shows Positive Signs Following Engagements – Mohamad