ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပိုမိုကျယ်ပြန့်လာသော အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) တရုတ်များနှင့် မြေရှားသတ္တုတွင်းလုပ်ငန်းရှင်များသည် မြန်မာလူငယ်များကို ကျွန်ပြုခိုင်းစေရန် လူကုန်ကူးရောင်းဝယ်လျက်ရှိပြီး ၎င်းရာဇဝတ်မှုကွန်ရက်တွင် စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ မေ ၁၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

 

အဆိုပါအစီရင်ခံစာအရ တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်နေသည့် မြန်မာလူငယ်များကို ကျားဖြန့်တရုတ်များနှင့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံရဲများ ပူးပေါင်းကာ မိုင်းဆတ်မြို့နယ်ရှိ မြေရှားသတ္တုတွင်းများထံ လူကုန်ကူးရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ရောင်နီဦးဝင်းအတွင်းရှိ တရုတ်ကျားဖြန့်ကုမ္ပဏီတစ်ခု၌ လုပ်ကိုင်နေသူများဖြစ်သည့် တာချီလိတ်ဒေသခံ ကိုသက်၊ မူဆယ်မြို့မှ စိုင်းမိန်းနှင့် ရခိုင်ပြည်နယ်မှ ကိုမျိုးတို့ လူငယ် သုံး ဦးသည် ငွေစာရင်းလွဲမှားမှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် တရုတ်ပိုင် မြေရှားသတ္တုတွင်းတစ်ခုထံ အတင်းအဓမ္မ ရောင်းစားခံခဲ့ရသည်။

 

စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က ရောင်နီဦးဝင်းကို ဝင်ရောက် စီးနင်းပြီး တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖမ်းဆီးခဲ့သော်လည်း၊ ကျားဖြန့်လုပ်ငန်းမှာ အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည်။

 

အဆိုပါ စီးနင်းမှုအပြီးတွင် ရဲအရာရှိတစ်ဦးကိုယ်တိုင် အဆိုပါ ကျားဖြန့်ဂိုဏ်းမှ အလုပ်သမား လူငယ် သုံး ဦးအား တာချီလိတ်မြို့မှ မိုင်းယွန်း (မိုင်းဆတ်ခရိုင်) ရှိ သတ္တုတွင်းများဆီသို့ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ စုံစမ်းချက်အရ သိရသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏လက်အောက်ခံရဲများသည် သတ္တုတွင်းများအတွက် လိုအပ်သော ကုန်ကြမ်းများ၊ စက်ကိရိယာများနှင့် လူအင်အားများကို စစ်အုပ်စုကထိန်းချုပ်ထားသော တာချီလိတ်နှင့် မိုင်းယွန်းကြား လမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်ရာတွင် အပြည့်အဝ ကူညီစောင့်ရှောက် ပေးနေကြောင်း အစီ ရင်ခံစာက ထောက်ပြထားသည်။

 

မြေရှားသတ္တုတွင်းထံ ရောင်းစားခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ကိုသက်က “ကျွန်တော် မိုင်းယွန်းသတ္တုတွင်းကနေ မနှစ်က ဇွန်လမှာ ထွက်လာလို့ရခဲ့တယ်။ မိုင်းယွန်းကနေ အိမ်ပြန်ဖို့ ကားခ တော့ အိမ်ကို လှမ်းတောင်းရတာပေါ့။ အဲဒီနောက် ဇူလိုင်လလယ်လောက်မှာ စိုင်းမိန်းကို သူ့အိမ်က ပိုက်ဆံနဲ့ရယ်၊ ပြည်သူ့စစ် အဆက်အသွယ်နဲ့ရယ် မိုင်းပေါက်မှာ ပြန်သွားရွေးခေါ် လာကြတယ်။ ကိုမျိုးတစ်ယောက်ပဲ ကျွန်တော် ပြန်လွတ်လာပြီး ၂ လလောက်ကြာတော့ အဆက်အသွယ် ပြတ်သွား တယ်။ ဖုန်းသုံးခွင့်ပဲ ပိတ်တာလား၊ တစ်ခုခု ဖြစ်သွားတာလား မပြောနိုင်ဘူး” ဟု ၎င်းကြုံတွေ့ ခဲ့ရသည့် ကျွန်ပြုခံရမှု မြေပြင်အခြေအနေကို ပြောပြသည်။

 

ထို့ပြင် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းနှစ်ခုလုံးတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်သားများက လုံခြုံရေးရယူထားခြင်းကြောင့် ထိုတွင်းများကို UWSA က တိုက်ရိုက် ထိန်းချုပ်ထားကြောင်း ပြသနေပြီး အဆိုပါ သတ္တုတွင်းများမှ ထွက်ပြေးရန် ကြိုးပမ်းသူများမှာ ပြန်လည် ဖမ်းဆီးမိပါက ရက်ရက် စက်စက် ညှင်းပမ်းနှိပ်စက်ခံရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

 

စစ်အုပ်စု အသွင်ပြောင်းရွေးတုအစိုးရသည် ရှမ်းပြည်နယ်၏ မြေယာနှင့် သယံဇာတများကို ရာဇဝတ် ဂိုဏ်းများနှင့် ဆက်နွှယ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံ လွှဲပြောင်းပေးထားကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။

 

တာချီလိတ်မြို့သည် နေပြည်တော်အာဏာပိုင်များ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေ သော်လည်း လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက အွန်လိုင်းငွေလိမ်လုပ်ငန်းများ စတင်အခြေစိုက်ခဲ့ကာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစ၍ ယနေ့ထက်ထိ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း၏ ကျားဖြန့်ရာဇဝတ်မှု အဓိကဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – SHRF