ဧရာဝတီတိုင်းမ်
‎မေ ၂၀ ရက်

မြန်မာ့ကျွန်းသစ်များကို တရားမဝင်ဝယ်ယူကာ ဇိမ်ခံရွက်လှေများ ထုတ်လုပ်ခဲ့သည့် ဗြိတိန်နှင့် နယ်သာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီနှစ်ခုမှာ တရားဥပဒေအရ အရေးယူ ဒဏ်ရိုက် ခံခဲ့ရကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါအရေးယူခံရသည့် ကုမ္ပဏီများမှာ ဗြိတိန်အခြေစိုက် Sunseeker International Limited ၊ Sunseeker USA Sales Co. Inc. (Sunseeker) နှင့် နယ်သာလန်အခြေစိုက် ရွက်လှေထုတ်လုပ်ရေး ကုမ္ပဏီ Oceanco တို့ဖြစ်ကြပြီး တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဝယ်ယူအသုံးပြုခဲ့ကြောင်း ဝန်ခံ၍ ပြစ်ဒဏ်ကြေးများ ပေးဆောင်ခဲ့ကြသည်။

မြန်မာ့သွေးစွန်းကျွန်းသစ်များကို တရားမဝင်ရယူခဲ့သည့် Sunseeker ကုမ္ပဏီများသည် အမေရိကန် နိုင်ငံသို့ တင်သွင်းသော ရွက်လှေများတွင် ယင်းသစ်များကို အသုံးပြုခဲ့သဖြင့် Lacey Act ဥပဒေ ချိုးဖောက်မှုဖြင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ပေးဆောင်ရန် သဘောတူခဲ့သည်။


အလားတူ နယ်သာလန်အခြေစိုက် Oceanco ကုမ္ပဏီသည်လည်း မြန်မာ့ကျွန်းသစ်ကို ဥရောပသမဂ္ဂ (EU) သို့ တင်သွင်းခဲ့မှုကြောင့် ဥရောပသမဂ္ဂ သစ်လုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်ခံခဲ့ရသည်။

 

အထူးသဖြင့် Oceanco ကုမ္ပဏီသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမေရိကန်သူဌေးကြီး ဂျက်ဖ်ဘေဇော့စ် (Jeff Bezos) ၏ ဒေါ်လာ သန်း ၅၀၀ တန် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေကြီး Koru ၏ အတွင်းပိုင်းတွင် မြန်မာ့ကျွန်းသစ်များကို အသုံးပြုခဲ့သဖြင့် ယခုကဲ့သို့ ဒဏ်ရိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောလုပ်ငန်းကဏ္ဍနှင့် ပြည်ပသို့ သစ်လုံးတင်ပို့ခြင်းလုပ်ငန်းများကို ရွေးတု အစိုးရစစ်တပ်က ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) တစ်ခုတည်းကသာ လေလံစနစ်ဖြင့် ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

အမေရိကန်အစိုးရက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အုပ်စု၏ ဝင်ငွေရလမ်းဖြစ်သော မြန်မာ့သစ်လုပ်ငန်း အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

 

Justice For Myanmar က Sunseeker ကုမ္ပဏီများအပေါ် တရားစွဲဆိုအရေးယူမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ထားပြီး အမေရိကန်၊ အီးယူ၊ ယူကေနှင့် အခြားသောအစိုးရများအနေဖြင့် ရွေးတုအစိုးရ စစ်တပ်၏ ပြည်သူ လူထုအပေါ် အကြမ်းဖက်စစ်ဆင်ရေးများကို ရပ်တန့်စေရန်အတွက် မြန်မာ့သစ် မှတစ်ဆင့် စစ်အုပ်စုထံ စီးဆင်းနေသည့် ရန်ပုံငွေလမ်းကြောင်းများကို ပိတ်ဆို့ရန် နောက်ထပ် အရေးယူဆောင်ရွက်မှုများကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း တောင်းဆိုထားသည်။

 

ဓာတ်ပုံ – ရွက်လှေကုမ္ပဏီများ