နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

 

အာဏာသိမ်းစစ်အုပ်စုက အသွင်ပြောင်း ဖန်တီးထားသည့် ရွေးတုအစိုးရသည် ၎င်းတို့ကို အဓိက ထောက်ခံကူညီနေသည့် တရုတ်အစိုးရ၏ အဓိကအကျိုးစီးပွားဖြစ်သော မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အကောင်အထည်ဖော်ရေးနှင့် ကျားဖြန့်တိုက်ဖျက်ရေးဥပဒေကို ဦးစားပေးပြဋ္ဌာန်း သွားမည်ဟု တရုတ်သံအမတ်ကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရ၏ ဒုသမ္မတ ဦးညိုစောနှင့် ရွေးတုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတို့သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျား (Ms. Ma Jia) ကို ယမန်နေ့ မေ ၁၉ ရက်က နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်သူလူထုက လက်မခံသည့် အတုအယောင် ရွေးကောက်ပွဲ ကိစ္စရပ်များကိုပါ ဝါဒဖြန့် ကြွားဝါခဲ့ကြသည်။

 

ဒုသမ္မတ ဦးညိုစောနှင့် တွေ့ဆုံစဉ်အတွင်း ကြန့်ကြာနေသော CMEC စီမံကိန်းများ အကောင် အထည်ဖော်ရေး၊ ကမ္ဘာကျော် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆင်းနှိမ်နင်းရေးကိစ္စရပ်များကို ၎င်းတို့အနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်နေသည်ဟု တင်ပြခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်း CMEC စီမံကိန်းများသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အိပ်မက်ဖြစ်သော ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) အစီအမံ၏ အစိတ်အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

 

လက်ရှိတွင် တော်လှန်ရေးတိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်နှင့် ကချင်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တစ်လျှောက် နေရာများ၌ ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းများနှင့် မြို့သစ်စီမံကိန်း အပါအဝင် စီမံကိန်းပေါင်း ၃၅ ခုထက်မနည်း ပါဝင်နေသည်။

 

ထိုကဲ့သို့ တရုတ်အကျိုးစီးပွား ဖြစ်ထွန်းစေမည်ကို သိရှိထားသော အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲအပါအဝင် အစိုးရဖြစ်လာချိန်တွင် ဆက်လက်ထောက်ခံ ကူညီပေးရန် တရုတ်အစိုးရနှင့် အပေးအယူ လုပ်ထားသဖြင့် တရုတ်အကျိုးစီးပွားကို ရှေ့တန်းတင်ကာ အပေးအယူလုပ် ပုံဖော်လာခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြသည်။

 

အလားတူ ရွေးတုလွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကလည်း တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း သေဒဏ်ချမှတ်နိုင်မည့် ပြစ်ဒဏ်များ ပါဝင်သော ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကြမ်းကို လာမည့် ရွေးတုလွှတ်တော်တွင် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု တင်ပြခဲ့သည်။

 

အဆိုပါ ဥပဒေကြမ်းမှာ မြန်မာ့ကျားဖြန့်အရေးကို ဒဏ်ခတ်စောင့်ကြည့်လာသည့် အမေရိကန်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံချိန်ကာလနှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျားဖြန့်လုပ်ငန်း များတွင် စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ရှောင်တိမ်းရန် အယောင်ပြလုပ်ဆောင် ခြင်းဖြစ်ကြောင်းလည်း အကဲခတ်များက ထောက်ပြထားသည်။

 

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်ရာဇဝတ်ဂိုဏ်းများက ရွေးတုအစိုးရအဖွဲ့ဝင်များ၊ လက်အောက်ခံ လက်နက်ကိုင်တပ်များနှင့် အကျိုးတူပူးပေါင်းကာ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကလုပ်ကိုင်နေပြီး နိုင်ငံတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့နေသော်လည်း လက်ရှိတိုင် ထိရောက်စွာ နှိမ်နင်းခြင်း မရှိသေးပေ။

 

ထို့ပြင် တရုတ်အစိုးရ၏ ကူညီစီမံမှုအတိုင်း ဖော်ဆောင်နေသော ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့် မြန်မာပြည်သူများက အသိအမှတ်မပြုသော်လည်း ဦးခင်ရီက လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – MOI