ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းကို ကျူးကျော်ခဲ့မိတဲ့အပေါ် နောက်ပိုင်းမှာ နောင်တရ လာနိုင်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲအတွင်း မှာ ရှီကျင့်ဖျင်က အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာလို့ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီး အမေရိ ကန်ဘက်က သုံးသပ်ချက်တွေကို သိရှိထားသူ အများအပြားကို ကိုးကားပြီး Financial Times သတင်း စာက ဖော်ပြခဲ့တာပါ။

ပူတင်ရဲ့ နှစ်ရက်ကြာ တရုတ်ခရီးစဉ်ဟာ အမေရိကန်သမ္မတရဲ့ လူအများအာရုံစိုက်ခဲ့ရတဲ့ တရုတ် ခရီးစဉ်အပြီး တစ်ပတ်မပြည့်ခင်မှာပဲ ပေါ်ပေါက်လာတာဖြစ်ပြီး ဒါဟာ ၎င်းအတွက် တရုတ်နိုင်ငံသို့ ၂၅ ကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရုရှားအပေါ် စစ်ရေးနဲ့ စီးပွားရေးအရ ဆက်ပြီး ကူညီထောက်ပံ့ပေးနေပေမဲ့လည်း ရှီကျင့်ဖျင်ရဲ့ မှတ်ချက်ကြောင့် အလွန်ခိုင်မြဲပါတယ်ဆိုတဲ့ ဒီနှစ်နိုင်ငံ မဟာမိတ်ကြားမှာ တင်းမာမှုတွေ ရှိ နေနိုင်တယ်ဆိုတာကို ပေါ်လွင်စေပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ရုရှားနဲ့ တ ရုတ်တို့အကြား အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး သုံးပတ်အကြာမှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရုရှား၊ တရုတ်နဲ့ အမေရိကန် သုံးနိုင်ငံပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို ဆန့်ကျင်တိုက်ဖျက်သင့်တယ်လို့ ဒေါ်နယ်ထရမ့်က အကြံပြုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က “အခုပြောနေတဲ့ သတင်းအ ချက်အလက်တွေဟာ အမှန်တရားနဲ့ ကိုက်ညီမှုမရှိဘဲ လေထဲမှာတင် လုံးဝလုပ်ကြံဖန်တီးထားတာဖြစ် တယ်” လို့ အင်္ဂါနေ့မှာ သတင်းထောက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ပူတင်က အင်္ဂါနေ့ ခရီးစဉ်မစတင်ခင်မှာပဲ နှစ်နိုင်ငံကြားက ခိုင်မာတဲ့ ဆက်ဆံရေးကို ထပ်လောင်း ပြောဆိုခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေး အပါအဝင် ကိစ္စရပ် များစွာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် ပံ့ပိုးကူညီဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုးကား – Independent
Ref; Xi reportedly told Trump that Putin might ‘regret’ invading Ukraine during summit in Beijing