ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မေလ ၂၀ ရက်
ချင်းညီနောင် (CB) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီး ခြောက်မိုင်ကို စစ်ကြောင်း ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၆ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့မှ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် ယခုအခါ ကန်ပက်လက်မြို့နှင့် ပိုနည်းကပ်လာခြင်းဖြစ်သည်။
“ခြောက်မိုင်အနားကို စစ်ကော်မရှင်၊ ပျူစောထီး စစ်ကြောင်းတွေ ရောက်ပါပြီ။ ကန်ပက်လက်နဲ့လည်း သိပ်မဝေးတော့ဘူး”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ စစ်ကော်မရှင် စစ်ကြောင်းသည် ကန်ပက်လက်မြို့နှင့် ပိုမိုနီးကပ်လာပြီဖြစ်သော်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကို စစ်ကော်မရှင်တပ်က ယနေ့ မေလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် Y 12 လေယာဥ်တစ်စီးဖြင့် လက်နက်ခဲယမ်းများ ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းအထုတ်တချို့သည် ပျောက်ဆုံးနေသည့်အတွက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက် ရှာဖွေနေကြောင်း သိရသည်။
“အချို့အထုတ်တွေက တောထဲမှာကျသွားပြီး စစ်သားတွေ တစ်နေ့ကုန် လိုက်ရှာနေကြတယ်။ သူတို့ တိုက်ခိုက်ခံရမှာလည်း စိုးရိမ်လို့ စစ်သားတွေ သေနတ်တွေကို ပစ်ဖောက်ပြီး ရှာနေကြတယ်။ တကယ်တော့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း Y-12 လေယာဉ်ဖြင့်ပင် ၎င်းစစ်ကြောင်းများ ချီတက်ရာ လမ်းတလျှောက်ကို စစ်ကော်မရှင်တပ်က လမ်းရှင်းလင်းပစ်ခတ်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့ထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ကန်ပက်လက်နှင့် မင်းတပ်မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီလမှစ၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။