ဧရာ၀တီတိုင်းမ်
မေ ၁၉ ရက်

 

စစ်အုပ်စု၏ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်ပြီးနောက် အသစ်တက်လာသော တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ပိုမိုဆိုးဝါးသည့် “အုပ်စုလိုက် စုပြုံဗုံးကြဲသည့် လေကြောင်းဗျူဟာသစ်” ကို အသုံးပြုတိုက်ခိုက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

တပ်ချုပ်သစ် ရဲဝင်းဦးသည် တစ်နေရာတည်းတွင် အုပ်စုလိုက် စုပြုံဗုံးကြဲသည့် လေကြောင်းဗျူဟာသစ်ကို နိုင်ငံနေရာအနှံ့အပြားတွင် ပိုမိုတိုးမြှင့်လုပ်ဆောင်လာသဖြင့် တော်လှန်ရဲဘော်များနှင့် ပြည်သူများလေကြောင်း အန္တရာယ်ကို အထူးသတိပြုကြရန် ဝေဟင် လေကြောင်းကင်းထောက်ကွန်ရက် က ယနေ့ မေ ၁၉ ရက်တွင် အရေးပေါ် သတိပေးနှိုးဆော်ထားသည်။

 

ကာချုပ်သစ် ရဲဝင်းဦးသည် “ဆရာထက် တပည့် လက်စောင်းထက်” ဟု ပြသလိုသည့်သဘောဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် သိသိသာသာ တိုးမြှင့်လာသည်ကို တွေ့ရ​ကြောင်း လေကြောင်းကင်း ထောက် အဖွဲ့၏ စောင့်ကြည့်လေ့လာမှုများ အရသိရသည်။

စစ်အုပ်စု၏ ပိုမိုဆိုးဝါးလာသည့် နည်းဗျူဟာမှာ ယခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် လေယာဉ် တစ်စင်းစ၊ နှစ်စင်းစဖြင့် ဗုံးကြဲခြင်းမျိုး မဟုတ်ဘဲ တစ်နေရာတည်းကိုပင် တိုက်လေယာဉ် သုံးစင်း မှ လေးစင်းအထိ အုပ်စုလိုက် စုပြုံလှည့်ပတ်ပျံသန်းကာ အကြိမ်ပေါင်းများစွာ စုပြုံတိုက်ခိုက်သည့် နည်းဗျူဟာကို ပြောင်းလဲအသုံးပြုလာခြင်း ဖြစ်သည်။

 

သို့ဖြစ်ပါ၍ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်အုပ်စု၏ ပိုမိုရက်စက်ဆိုးဝါးလာသော လေကြောင်းအန္တရာယ်ကို ယခင်ကထက် ပိုမိုသတိပြု ရှောင်ရှားကြရန် လိုအပ်သည်ဟု လေကြောင်းကင်းထောက် က ဆိုသည်။

 

လက်ရှိတွင် ဝေဟင် လေကြောင်းကင်းထောက်ကွန်ရက်အနေဖြင့် ပြည်သူများ ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်အတွက် လေကြောင်းသတိပေး စာတို (SMS) များကို အချိန်နှင့်တပြေးညီ ပေးပို့ပေးလျက်ရှိပြီး လေကြောင်းသတိပေးစာတိုများ အခမဲ့ ရယူလိုပါက မိမိတို့ နေထိုင်ရာ မြို့နယ်အမည်ကို တော်လှန်ရေး တယ်လီဂရမ်ဘော့ဖြစ်သော @WaiHinAirScout_Bot သို့ ပေးပို့၍ ရယူနိုင်ကြောင်း သိရသည်။

 

ထို့ပြင် ဝေဟင် လေကြောင်းကင်းထောက်တမန်က နိုင်ငံအဝှမ်းရှိ (အထူးသ ဖြင့် မြန်မာပြည်အောက်ပိုင်း ဒေသများမှ) မိဘပြည်သူများအနေဖြင့် မိမိတို့ ဝန်းကျင်တွင် တွေ့ရှိရသမျှသော စစ်အုပ်စု၏ လေကြောင်းလှုပ်ရှားမှု သတင်းအချက်အလက်များကိုလည်း အဆိုပါ တယ်လီဂရမ်ဘော့ (@WaiHinAirScout_Bot) သို့ အချိန်နှင့်တပြေးညီ ပြန်လည်ပေးပို့ပေးကြပါရန် အထူးမေတ္တာရပ်ခံ တိုက်တွန်းထားသည်။

 

ပြည်သူများ၏ မြေပြင်မှ သတင်းပေးပို့မှု တစ်ခုချင်းစီသည် အပြစ်မဲ့ ပြည်သူပေါင်းများစွာ၏ အသက် အိုးအိမ်စည်းစိမ်များကို လေကြောင်းရန်မှ အချိန်မီ ကယ်တင်နိုင်မည်ဖြစ်ကြောင်းလည်း လေကြောင်းကင်းထောက်က နှိုးဆော်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်