ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

ရွေးတုအစိုးရသည် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး လက် လွှတ်ထားရသော်လည်း ၎င်းတို့တွင် အုပ်ချုပ်ရေးအာဏာ ရှိနေသေးသယောင် ပြသရန်အတွက် စစ်တွေရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နော်ဝေသံရုံးယာယီတာဝန်ခံနှင့် မေ ၁၈ ရက်က တွေ့ဆုံ ခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရွေးတုအစိုးရ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ရန်ကုန်မြို့အခြေစိုက် နော်ဝေနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Elisabeth Schewabe Hansen ၊ ပထမအတွင်းဝန် Mr. Martin Nygaard တို့ ပါဝင်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်ဟု ဆိုသည်။

ထိုသို့ ဆွေးနွေးရာတွင် ယာယီနေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူစခန်း (IDP) များတွင် နေထိုင်သူများကို ဆက်လက်ထောက်ပံ့မည့် အစီအစဉ်များ ပါဝင်ကြောင်း ရွေးတုအစိုးရက ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင်မူ ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်နှင့် ဆေးဝါးသယ်ယူခွင့်များကို အလုံးစုံ ပိတ်ဆို့ထားဆဲ ဖြစ်သည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၈ ရာခိုင်နှုန်း မြင့်တက်နေသော်လည်း ရွေးတုအစိုးရ၏ လမ်းပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကုန်ဈေးနှု န်းမှာ ၃၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မေ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများအပြင် နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်သူများမှာ စားနပ်ရိက္ခာ ပြတ်လတ်မှု အပြင်းအထန် ကြုံတွေ့နေရသဖြင့် WFP က အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ ပေးအပ်ရန် ပြင်ဆင်နေရကြောင်း သိရသည်။

ရွေးတုအစိုးရက ၎င်းတို့တွင် လူသားချင်းစာနာမှု ရှိသယောင် ကမ္ဘာကို အသုံးချပြရန် ကြိုးပမ်း နေသော်လည်း စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာ (မွတ်ဆလင်) များ နေထိုင်ရာ ပြည်တွင်းနေရပ် စွန့်ခွာရွေ့ပြောင်းနေထိုင်သူစခန်း (IDP Camp) ၁၄ ခုတွင် ရှိနေသူများသည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခများကတည်းက နေထိုင်ခဲ့ကြရသူများဖြစ်သည်။

၎င်းတို့သည့် ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ အဆိုပါ နေရာများတွင်ပင် နေထိုင်နေရပြီး စနစ်တကျ ဖြေရှင်းပေးခြင်းမရှိဘဲ ဖိနှိပ်ချုပ်ချယ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MOI