ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊မေ ၁၉ ရက်
ချင်းပြည်နယ်၊ တွန်းဇံမြို့ကို လေကြောင်းပစ်ကူဖြင့် ရွေးတုအစိုးရစစ်တပ်နှင့် ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA-EC) ပူးပေါင်းအဖွဲ့တို့မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း CDF (တွန်းဇံ) နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့နှင့် ကျီးခါးမြို့တို့မှ အင်အား ၆၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရ စစ်တပ်နှင့် ပူပေါင်းတပ်ဖွဲ့သည် ယနေ့ မေလ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် တွန်းဇံမြို့ကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။
“လေကြောင်း ပစ်ကူတွေ၊ ဒရုန်း ပစ်ကူတွေနဲ့ မြေပြင်ကနေလည်း အင်အားအလုံးနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ဒီနေ့ ညနေပိုင်းလောက်မှာ မြို့ထဲကနေ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ယာယီ တပ်ဆုတ်ပေးလိုက်ရတယ်”ဟု CDF (တွန်းဇံ) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ မေလ ၁၈ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ZRA ပူးပေါင်းအဖွဲ့ကို တွန်းဇံမြို့အနီးတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ရွေးတုအစိုးရစစ်တပ်နှင့် ZRA ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် တွန်းဇံမြို့မှ ယာယီတပ်ဆုတ်ခွာပေးခဲ့သော်လည်း ယနေ့ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် လွန်ခဲ့သော ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က တွန်းဇံမြို့ကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။