ဧရာဝတီတိုင်းမ်
မေ ၁၇ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွပ်လပ်ရေးတပ်မတော် KIAတို့ စစ်ရေးတင်းမာနေပြီး စစ်တပ်က စစ်ကြောင်းများထပ်မံစေလွှတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယခုလာမည့် မေ ၂၀ရက်မှစကာ ဖားကန့်- ကာမိုင်းလမ်းကို ရွေးတုအစိုးရစစ်တပ်က ပိတ်ထားမည်ဟု သတင်းပေးထားပြီး မိုးကောင်းမှ စစ်ကြောင်းများ ကာမိုင်းလမ်းမှ ဝင်လာရန်ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
”မိုးကောင်း စကခ ၃လက်အောက်ခံတပ်တွေ ဝင်လာမယ်လို့ သတင်းရထားတယ်။ ခဲယမ်းတွေလည်းပါမှာမို့ လမ်းပိတ်မယ်တဲ့” ဟု ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေ ၇ရက်ကလည်း ကာမိုင်းလမ်းဘက်မှနေ၍ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်တပ်က အင်အား ၃၀၀ ခန့်ခေါ်သွင်းလာပြီး အတိုအပြတ်လူနာများကို ပြန်ခေါ်ထုတ်သွားသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စုတွင် ပြီးခဲ့သည့် မေ ၄ရက်မှစကာ တိုက်ပွဲများပြန်လည် ပြင်းထန်လာခဲ့ပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် အတွက် အရပ်သားများသေဆုံးမှုရှိနေသည်။
လုံးခင်း ရပ်ကွက် ၄ အတွင်းရှိ နေအိမ်တစ်လုံးကိုလည်း ပြီးခဲ့သည့် မေ ၁၇ရက်က ဒရုန်းဗုံးကျရောက် ပေါက်ကွဲသည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေထူထပ်သည့်နေရာများတွင်လည်း စစ်တပ်၏ ထောင်မိုင်းများ ပေါက်ကွဲမှုရှိနေသည်။
ဖားကန့်မြို့နယ်အတွင်း စစ်တပ်၏တပ်ဖွဲ့ဝင် ၆၀၀ အထက် နေရာယူထားပြီး ပြည်သူ့စစ်အဖွဲ့များပါ ပူးပေါင်းထားကြောင်း သိရသည်။