‎ဧရာဝတီတိုင်းမ်
‎မေ ၁၉ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် ၅ လမ်းဆုံ စခန်းကို ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

‎ရွှေကူမြို့အတွင်းမှထွက်လာသည့် ရွေးတုအစိုးရတပ်သည် ၅လမ်းဆုံ စခန်းကြီးကို ပြန်လည် သိမ်းပိုက်ရန် စစ်ကြောင်းထိုးလာသည့်အတွက် ပြီးခဲ့သည့် မေ ၁၇ ရက်မှစတင်ကာ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။

‎”အဓိက ကတော့ KIA ရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ချင်တာပေါ့။ ရွှေမျှောတွေကို ဗုံးကြဲကတည်းက ဒီအတွက် ရည်ရွယ်ထားကြတာ။ စစ်ကူတွေလည်း တောင်ကဖြည့် မြောက်ကဖြည့်နဲ့။ မပခထဲလည်း အလုံး အရင်းသွင်းထားတယ်။ တိုက်ပွဲတွေက ဆက်ပြင်းထန်လာနိုင်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA သည် ပြီးခဲ့သည့် ဧပြီ ၂၃ရက်နေ့က ၅လမ်းဆုံ စခန်းကို သိမ်းယူခဲ့ပြီး စစ်လက်နက်နှင့် ဗုံးသီး၊ ခဲယမ်းများကိုပါ ရရှိခဲ့သည်။ ရွှေကူမြို့နယ်မှတစ်ဆင့် ဗန်းမော်မြို့နယ် အထိ စစ်ကြောင်း လှုပ်ရှား လိုသည့် စစ်တပ်က ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

‎ထို့အပြင် မဘိမ်းမြို့နယ်၊ ငါးအိုး ခလရ ၁၂၁ အတွင်းကိုလည်း အင်အား ထောင်ချီပို့ထားပြီး စစ်ကြောင်းများဖြန့်ကျက် နေရာယူလာသည့်အတွက် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေသည်။

‎ရွေးတုအစိုးရ စစ်တပ်သည် ကချင်နှင့် စစ်ကိုင်းအစပ်ကို ဖြတ်တောက်နိုင်ရန် အင်အား အလွန် အကျွံသုံးကာ စစ်ကိုင်းအထက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းလာသည်ကို တွေ့ရသည်။ ထို့အပြင် ကချင်၊ ရှမ်းမြောက်အစပ်ရှိ မဘိမ်းနှင့် မိုးမိတ်တို့တွင်လည်း အင်အား ၁,၀၀၀ ခန့်စီ အသီးသီး ပို့ဆောင်ထားကာ ကချင်ဒေသစစ်ရေးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ