‎ဧရာဝတီတိုင်းမ်
‎မေ ၁၉ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်မှ ကမ်းတက်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ စစ်ကြောင်းများသည် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကြောင့် အထိနာ တပ်ဆုတ်နေရကြောင်း သိရသည်။

‎စစ်ကြောင်းများ အထိနာတပ်ဆုတ်နေရသည့်အတွက် စစ်တပ်က တောင်မော်ဦးရေတပ်အတွင်း ပို့ထားသည့် စစ်ကူများကို ထပ်မံစေလွှတ်နေပြီး ‌ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှနေ၍ လက်နက် ကြီးပစ်ကူများပေးနေကာ လေကြောင်းမှလည်း အုပ်ဖွဲ့ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

‎”နေဗီကလက်နက်ကြီးပစ်တာရော၊ ‌ဂျက်ဖိုက်တာတွေကြောင့်ရော၊ ပြီးတော့ ဒရုန်းအန္တရာယ်တွေ ကြောင့်မို့ တိုက်ပွဲနားက ရွာတွေမှာ လူမနေရဲတော့ဘူး။ ပြေးနေကြရပြီ။ တိုက်ပွဲက ၁၀ရက်လောက် ကြာလာပြီး ပြင်းထန်နေတယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရ စစ်တပ်သည် ‎ယမန်နေ့ ယမန်နေ့ မေ ၁၈ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲပြင်းထန်နေသည့် အဝတောင်ကျေးရွာနှင့်အနီးတဝိုက်ကို ဂျက်ဖိုက်တာ လေးစင်း၊ Y12တစ်စင်းတို့ဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

‎ထို့အပြင် ဇင်ချောင်းအနီး ပင်လယ်ပြင်တွင်ရှိနေသော စစ်သင်္ဘောများမှ မေ ၁၇ ရက် ည ၁၀ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာသစ်ကေမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ပေါက်ပြင် ကျေးရွာမှ ဆရာတော်တစ်ပါး အပါအဝင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

စနဲမြို့ကို ဦးတည်စစ်ကြောင်းထိုးလိုသော ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများသည် ‎ပြီးခဲ့သည့် မေ ၁၀ရက်မှစကာ ရေတပ်စခန်းမှထွက်ခွာလာရာ အဝတောင်ကျေးရွာအနီးတွင် AA ၏ တိုက်ခိုက် ချေမှုန်းခြင်းကို ခံနေရပြီး တပ်ပျက်နေခြင်းဖြစ်ကြောင်း သိရသည်။

‎စစ်တပ်သည် တောင်မော်ဦးရေတပ်အတွင်းကို လေကြောင်းနှင့် ရေကြောင်းအသုံးပြုပြီး အင်အားများ ဖြည့်တင်းကာ စစ်‌ရေလမ်းကြောင်းပြောင်းပြီး ထိုးစစ်ဆင်လာသော်လည်း ယခုအခါတွင် ခံစစ်ဖြင့် ပြန်လည်ခုခံနေရခြင်းဖြစ်သည်။

ပုံစာ-ရွေးအစိုးရစစ်တပ်၏စစ်ရေယာဉ်များ(ပုံဟောင်း)