ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်၊ မုံရွာ-ရေဦး လမ်းမကြီးဘေးရှိ စိုင်ပြင်မြို့နယ်မြေရဲစခန်းကို ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက မေ ၁၈ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ ရဲစခန်းကို Operation OTT စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ယင်းရဲစခန်းမှူးသည် ဒဏ်ရာရတပ်ဖွဲ့ဝင်များနှင့် ကလေးငယ်များကို ထားခဲ့ပြီးထွက်ပြေးသွားကြောင်း သိရသည်။
စိုင်ပြင်မြို့နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော် ၆၀ ဦးက မေ ၁၄ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး မေ ၁၆ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ပြီး လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင်သည် သေဆုံး ဒဏ်ရာရ တပ်ဖွဲ့ဝင်များနှင့် ကလေးငယ်ပါဝင်သည့် တပ်ဖွဲ့မိသားစုဝင်များကို ချန်ထားကာ ထွက်ပြေးသွားကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနထံမှ သိရသည်။
PDF တပ်ဖွဲ့ဝင်များသည် စစ်အုပ်စုတပ်စခန်းများကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း အဆောက်အဦများကို ရှင်းလင်းပြီးဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူလူထုအနေဖြင့် မိမိတို့ နေအိမ်များဆီ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း အမှတ် (၁) ရွှေဘိုခရိုင်က အသိပေး ထားသည်။
သို့သော်လည်း ပြန်လည်ဝင်ရောက်နေထိုင်သူများအနေဖြင့် နင်းမိုင်း၊ တိုက်မိုင်းများကျန်ရှိ နေနိုင်သည့် အတွက် တပ်စခန်းအတွင်းနှင့်ပတ်ဝန်းကျင်အတွင်း ဝင်ရောက်ခြင်းမပြုရန်၊ ဗုံးသီး၊ ခဲယမ်းများနှင့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက အကြောင်းကြားရန်နှင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လုံခြုံရေးသတိနှင့်နေထိုင်ကြရန်တို့ကိုလည်း သတိပေးထုတ်ပြန်ထားသည်။
ထို့အပြင် တိုက်ပွဲကာလအတွင်း လေကြောင်းတိုက် ခိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် နေအိမ် အချို့အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများရှိခဲ့ပြီး ရိက္ခာနှင့်အသုံး အဆောင်အချို့ ယူငင်သုံးဆောင် ခဲ့သဖြင့် မိဘပြည်သူများအနေနှင့် စာနာနားလည်ပေးရန်နှင့် အဆိုပါ ကုန်ကျစရိတ်များကို ပြန်လည် တာဝန်ယူပေးသွားမည်ဟု အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက အသိပေးထားသည်။
ယခုစစ်ဆင်ရေးသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်ရပ်နှင့် ပြည်သူ များကို တိုက်ခိုက်နေသည့် စစ်အုပ်စုကို စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဓာတ်ပုံ-အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန