ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်
ကျူးဘားနိုင်ငံဟာ အမေရိကန် စစ်အခြေစိုက်စခန်းနဲ့ အခြားပစ်မှတ်တွေကို ဒရုန်းတွေသုံးပြီး တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဆွေးနွေးနေတယ်လို့ အမေရိကန် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Axios က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ ဒီသတင်းဟာ လျှို့ဝှက်ထောက်လှမ်းရေးသတင်းအချက် အလက်တွေပေါ် အခြေခံထားတာလို့ Axios က ဆိုပါတယ်။
ကျူးဘားဟာ စစ်ဘက်သုံးဒရုန်း အစီးရေ ၃၀၀ ကျော် ရရှိထားပြီး အဲဒီဒရုန်းတွေကို သုံးပြီး ဂွမ် တာနာမိုဘေးမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို မကြာသေးခင် က စတင်ဆွေးနွေးနေတာလို့ သိရပါတယ်။
တိုက်ခိုက်မယ့် ပစ်မှတ်တွေထဲမှာ အမေရိကန်စစ်သင်္ဘောတွေအပြင် ဖလော်ရီဒါပြည်နယ်ရဲ့ တောင်ဘက်အစွန်းဆုံးမှာရှိတဲ့ ကီးဝက်စ်ဒေသလည်း ပါဝင်နိုင်တယ်လို့ Axios က ဖော်ပြပါတယ်။
ကျူးဘားဟာ တိုက်ခိုက်ရေးဒရုန်းတွေကို ရုရှားနဲ့ အီရန်နိုင်ငံတွေဆီကနေ ဝယ်ယူနေတာလို့ သိ ရပါတယ်။
ကျူးဘားဟာ ချက်ချင်းလက်ငင်း အန္တရာယ်ပေးလာနိုင်တဲ့အဆင့်မှာ ရှိမနေဘူးလို့ အမေရိကန် အာဏာပိုင်တွေက ယူဆထားပေမယ့် အခုထွက်ပေါ်လာတဲ့ ထောက်လှမ်းရေးသတင်းဟာ အမေရိကန်က စစ်ရေးအရ အရေးယူဖို့အတွက် အကြောင်းပြချက်တစ်ခု ဖြစ်သွားနိုင်တယ်လို့ Axios က ဖော်ပြပါ တယ်။
ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အမေရိ ကန်ကို ဝေဖန်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက်ရှာပြီး လုပ်ကြံဖန်တီးထား တဲ့ ကိစ္စရပ်တစ်ခုကို အသုံးချနေတာဖြစ်ပြီး အချို့သောမီဒီယာတွေကလည်း ဒီလုပ်ရပ်မှာ ပူးပေါင်းပါဝင် နေကြတယ်လို့ ဆိုပါတယ်။
ကျူးဘားနိုင်ငံအနေနဲ့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာမဟုတ်သလို စစ်ပွဲကိုလည်း အလိုမရှိ ကြောင်း၊ ပြင်ပက ကျူးကျော်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့အတွက် မိမိကိုယ်ကိုယ် ကာကွယ်ပိုင် ခွင့်ကို အပြည့်အဝအသုံးချဖို့ အဆင်သင့်ရှိနေတယ်လို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; US media: Cuba discusses plans to conduct drone attack on US military base