ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

ကာတာ၊ ဆော်ဒီနဲ့ ယူအေအီးနိုင်ငံခေါင်းဆောင်တွေရဲ့ တိုက်ရိုက်တောင်းဆိုမှုကြောင့် အင်္ဂါနေ့မှာ စီစဉ်ထားတဲ့ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုကို ဆိုင်းငံ့လိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ကတာစော်ဘွား၊ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ယူအေအီးသမ္မတတို့က မနက်ဖြန်မှာ လုပ်ဖို့ စီစဉ်ထား တဲ့ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုကို ခေတ္တဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေါ်နယ်ထရမ့် က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အီရန်နဲ့ အလေးအနက် ဆွေးနွေးမှုတွေ လုပ်နေပြီဖြစ်တဲ့အပြင် သံတမန်ရေးအရ သဘောတူညီ ချက် ရနိုင်ခြေရှိတယ်လို့ အာရပ်ပင်လယ်ကွေ့ ခေါင်းဆောင်တွေက သူ့ကို ပြောခဲ့တယ်လို့ ၎င်းက ဆက် ပြောပါတယ်။

အဓိက စည်းကမ်းချက်အနေနဲ့ အီရန်က နျူကလီးယားလက်နက် လုံးဝမပိုင်ဆိုင်စေရဆိုတဲ့ တား မြစ်ချက်ကို အခုဆွေးနွေးမယ့် သဘောတူညီချက်အသစ်မှာ ထည့်သွင်းသွားမယ်လို့ သူက ဆိုပါတယ်။

အခုဆွေးနွေးမယ့် သဘောတူညီချက်မှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝမရရှိစေရ ဆိုတဲ့အချက်က အလွန်အရေးကြီးတယ်လို့ ထပ်လောင်းပြောဆိုပါတယ်။

အာရပ်ပင်လယ်ကွေ့ ခေါင်းဆောင်တွေကို လေးစားသောအားဖြင့် အီရန်အပေါ် တိုက်ခိုက်မယ့် စစ်ဆင်ရေးကို လောလောဆယ် ဆိုင်းငံ့ထားဖို့ ကာကွယ်ရေးဝန်ကြီး ဖိထ်ဟက်ဂ်ဆက်သ်၊ ပူးတွဲစစ်ဦးစီး ချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်နီယယ်ကိန်းနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေကို ညွှန်ကြားထားတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ အဆင်ပြေမယ့် သဘောတူညီချက်တစ်ခု မရရှိခဲ့ရင်တော့ အချိန်မရွေး အီရန်ကို အကြီးအ ကျယ် ဝင်ရောက်တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြဖို့လည်း စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေကို သူက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဒေါ်နယ်ထရမ့်က အီရန်ကို သတိပေးရာမှာ အချိန်တွေ ကုန်ဆုံးနေပြီဖြစ် တဲ့အတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မဟုတ်ရင်တော့ ဘာမှကျန်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ အရှိန်မြင့်လာခဲ့တာပါ။

အီရန်က အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသတွင်းက အမေရိကန်မဟာမိတ်တွေကို ပြန်လည်တိုက် ခိုက်ခဲ့သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး စတင်နိုင်ခဲ့ပေမဲ့ အစ္စလာမ်မာဘတ်မြို့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကတော့ ရေရှည်သဘောတူညီချက် မရဘဲ ပျက်ပြားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေး သက်တမ်းကို အကန့်အသတ်မရှိ ထပ်တိုးပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; Trump says US holding off planned Tuesday attack on Iran