နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့်၍ လက်လွှတ်ထားရသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ကို ပြန်လည်ထိုးဖောက်ရန်အတွက် မကွေးတိုင်းအတွင်း စစ်တပ်အထိုင်ချ ထိန်းချုပ်နိုင်ရေး ရွေးတုအစိုးရ စစ်တပ်က စစ်ရေးတိုးမြှင့် ဖိအားပေး တိုက်ခိုက်လာသဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးကာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
မကွေးတိုင်းသည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှု အားကောင်းသော မြန်မာပြည်အလယ်ပိုင်း အညာဒေသတစ်ခုဖြစ်ပြီး ကြားကာလ ဖက်ဒရယ်ယူနစ် အစိုးရတစ်ရပ် ဖွဲ့စည်းထားနိုင်သည့် ဒေသဖြစ်သည်။
စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ လွှဲပြောင်းမှုကြောင့် ကာချုပ်အသစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၎င်း၏ ပထမဆုံး ခရီးစဉ်အဖြစ် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က မကွေးတိုင်းသို့ သွားရောက်ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရှိ တပ်နယ်များတွင် တပ်တွင်းစည်းရုံးရေးဆင်း စစ်ပြင်ဆင်ခဲ့ကြောင်း ဝါဒဖြန့် ထုတ်ပြန်ချက်များအရ သိရသည်။
ထို့နောက် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသော ရွေးတုအစိုးရအနေဖြင့် မကွေးတိုင်းအပါအဝင် အညာဒေသကို စစ်ရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးလာပြီး လက်အောက် ခံတပ်များ အင်အားထောင်ချီ စေလွှတ်၍ စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီး နေကြောင်း မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ထံက သိရသည်။
“ကာချုပ်အသစ် ဖြစ်လာတဲ့ ရဲဝင်းဦးရဲ့ ပထမဆုံးခရီးစဉ်ဟာ မကွေးတိုင်း ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် မကွေးကို အဓိကခြေကုတ်ယူ စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်ပြီး ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို တိုးမြှင့်ဖျက်ဆီးသွားမယ်လို့ မှန်းဆလို့ရပါတယ်” ဟု မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါနှင့် ပခုက္ကူခရိုင်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က အင်အား ၂,၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူ ရှစ်သောင်း(၈၀,၀၀၀)ခန့် စစ်ဘေးရှောင်နေရပြီး သေဆုံးမှုများရှိကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ဆော-မင်းတပ် ကားလမ်းပေါ်မှ စစ်ဗျူဟာအရ အချက်အခြာကျသည့် ကံကြီးကျေးရွာအား ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၆၈) နှင့် စစ်ကြောင်းများက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်၍ စစ်အထိုင်ချ တပ်စွဲထားလိုက်ကြောင်း သိရသည်။
အဆိုပါ ကံကြီးကျေးရွာသည် မကွေးတိုင်းမှ ချင်းပြည်နယ်ကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းရာ ဆောမြို့နယ်နှင့် ၁၉ မိုင်၊ ကျောက်ထုမြို့နှင့် ၇ မိုင်အကွာရှိ အဓိက အသက်သွေးကြော လမ်းဆုံ၌ တည် ရှိသဖြင့် စစ်တပ်သည် ထိုမှတစ်ဆင့် ချင်းတောင်ပိုင်းအား ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“ရည်ရွယ်ချက်ရှိရှိနဲ့ကိုပဲ စစ်ဝတ်စုံချွတ်၊ အရပ်ဝတ်ပြောင်းဝတ်ပြီး အာဏာရှင်သန္ဓေနဲ့ လုပ်ဆောင် နေတာပါ။ ကာချုပ်အသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာလည်း မကွေးကို ချေမှုန်းဖို့ ပြင်ထားတယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အသိ၊ သတိ မပြတ်ဖို့ လိုပါမယ်” ဟု မကွေး ဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်ဖက်တွင်လည်း ရွေးတုအစိုးရလက်ဝေခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့် ၂၀၂၅ ရွေးတုလွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မကွေးတိုင်းသို့ လုံခြုံရေးအပြည့်ဖြင့် သွားရောက်ကာ ပါတီဝင်များနှင့် တွေ့ဆုံ စည်းရုံးခဲ့သည်။
အဆိုပါ အခြေအနေသည် စစ်ရေးအရ ဖိအားပေးလာခြင်းအပြင် ၎င်းတို့ကို ခုခံတော်လှန်နေသော မကွေးဖက်ဒရယ်ယူနစ်အစိုးရအား ပြိုင်ဆိုင်ရန် မဟုတ်မမှန် ဝါဒဖြန့် ဖြိုခွဲနေခြင်းဖြစ်ပြီး ယခုထက်ပိုမို စစ်ရေးတိုးမြှင့် တိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။
ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်ကမူ “မကွေးဖက်ဒရယ်ယူနစ်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားဖို့၊ ရန်သူကိုခုခံတွန်းလှန်ဖို့နဲ့ စစ်ဘေးရှောင်တွေကို အရေးပေါ်အကူ အညီပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ဆိုသည်။
ဓာတ်ပုံ – MOI
ပုံစာ-တပ်ချုပ် ရဲဝင်းဦးကို ဧပြီ ၂၂ ရက်က မကွေးမြို့စစ်ဆေးရုံတွင်တွေ့ရစဉ်။