ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
စိုက်ပျိုးရေးရာသီအစတွင် စိုက်ပျိုးရေးတောင်သူများအသုံးများသော ယူရီးယားမြေဩဇာ လက်ကားဈေးတစ်အိတ်လျှင် ခြောက်သောင်းကျော်ဈေးတက်ကြောင်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။
ရန်ကုန်အထိုင်လက်ကားမြေဩဇာရည်ညွန်းဈေးနှုန်းသတ်မှတ်ရာ ယခုလ ၁ ရက်မှ ၃၁ ရက်နေ့အတွင်း ယူရီယားမြေဩဇာ ( အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ကျပ် ၁၅၇, ၀၀၀ ကျပ်၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် ကျပ် ၁၁၅,၀၀၀ ကျပ်ဖြစ်ကြောင်း မေ ၁၆ ရက်နေ့က ကြေညာသည်။

ထို့ပြင် complex ၁၅ ပတ်လည်မြေဩဇာကို ရည်ညွှန်းဈေးနှုန်းသတ်မှတ်ခြင်းမရှိကြောင်း၊ ယခုထုတ်ပြန်ဈေးနှုန်းများသည် ဒေသအလိုက်သယ်ယူပို့ဆောင်စရိတ်များအပေါ်မူတည်၍ ဈေးနှုန်းကွားခြားနိုင်ကြောင်းထုတ်ပြန်ထားသည်။
လက်ရှိပြင်ပပေါက်ဈေးတွင် ဓာတ်မြေဩဇာကုန်တံဆိပ်အမျိုးအစားအလိုက်ဈေးနှုန်းကွာခြားချက်ရှိပြီး တစ်အိတ်လျှင် ကျပ် နှစ်သိန်းကျော်ဝန်းကျင်ရှိကြောင်းစုံစမ်းသိရသည်။
“စိုက်ပျိုးဖို့တောင်မပြင်ရသေးဘူး။ ဓာတ်မြေဩဇာဈေးတက်နဲ့ စက်သုံးဆီလည်းဝယ်ရခက်တော့ လယ်တောင်မလုပ်ချင်တော့ဘူး။ စပါးဈေးလည်းထင်သလောက်မရဘူး” တွံတေးမြို့နယ်မှ လယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွက် ရန်ကုန်အထိုင်ဓာတ်မြေဩဇာလက်ကားဈေးနှုန်းသည် ယူရီးယားမြေဩဇာ ( အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၄,၀၀၀ ကျပ်၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် ၁၁၅,၀၀၀ ကျပ် ဖြစ်ကြောင်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။