ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မက္ကဆန်ဘူတာအနီး၌ အများပြည်သူစီးဘတ်စ်ကားနှင့် ကား၊ ဆိုင်ကယ်များကို ဝင်တိုက်ခဲ့သည့် ကုန်တင်ရထားမောင်းသူသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် ရထားမောင်းနှင်ခွင့်လိုင်စင်လည်း မရှိကြောင်း ရထားပို့ဆောင်ရေး ဦးစီးဌာနထံက သိရသည်။

 

ကုန်တင်ရထားအမှတ် ၂၁၂၆ ကို မောင်းနှင်ခဲ့သည့်အသက် ၄၆ နှစ်အရွယ် ဆယုံပွန်ဆွန်ကူ (Sayomporn Sornkul) ကို ရဲတပ်ဖွဲ့က ဆီးစစ်ခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲထားသည့် ရလဒ်ထွက်ပေါ်ခဲ့ကြောင်း ရထားပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖိချတ် ကူနာဓမ္မရတ် (Pichet Kunadhamraks) ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အဆိုပါရထားမောင်းသူတွင် ရထားပို့ဆောင်ရေးဦးစီးဌာနက ထုတ်ပေးထားသည့် ရထား မောင်းနှင်ခွင့် လိုင်စင်မရှိကြောင်းကိုလည်း စစ်ဆေးတွေ့ရှိရသည့်အတွက် ၎င်းကိုတာဝန်ပေးခဲ့သည့် ရထားလမ်းပိုင်းဆိုင်ရာကြီးကြပ်ရေးမှူးများကိုပါ စုံစမ်းစစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။

 

လက်ရှိတွင် ရထားမောင်းသူကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့် လူသေဆုံးစေမှုဖြင့် တရားစွဲဆိုထားပြီး ရထားလမ်းပေါ်တွင် ကားရပ်ခဲ့သည့် ဘတ်စ်ကားမောင်းသူကိုပါ အဆိုပါအမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

ရဲတပ်ဖွဲ့၏စစ်ဆေးချက်များအရ ရထားလမ်းကူး ဂိတ်တာဝန်ခံက ယာဉ်ကြောပိတ်ဆို့နေသည့်အတွက် ရထားရပ်တန့်ရန် အနီရောင်အလံပြ၍ အချက်ပြခဲ့သော်လည်း ရထားမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် မေ ၁၆ ရက်နေ့ကဖြစ်ပွါးခဲ့သည့် ရထားမတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၈ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိနေကြောင်း သိရသည်။

ကိုးကား – Bangkok Post