‎‎ဧရာဝတီတိုင်းမ်
‎မေ ၁၈ ရက်

 

အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် တပ်ချုပ်ဘဝက ၎င်းကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိတွင် ဆိုင်ခန်းအများစု ပိတ်ထားရသည့် ပြင်ဦးလွင်မြို့ရှိ “သုမင်္ဂလာဈေး” သို့ မေ ၁၆ ရက်နှင့် ၁၇ ရက်က ထပ်မံလာရောက်လည်ပတ်ခဲ့သည်။

 

ထိုသို့လာရောက်စဉ် အများပြည်သူအတွက်ဟု အကြောင်းပြကာ အနီးစခန်းလေဆိပ်နှင့် လမ်းတိုးချဲ့ရေး စီမံကိန်းများကို ဆက်လက်၍ အတင်းအဓမ္မ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ရွေးတုသမ္မတသည် ပြင်ဦးလွင်မြို့သို့ နှစ်ရက်တာ ရောက်ရှိစဉ်အတွင်း ၎င်း၏ အောင်မြင်မှု ပြကွက်အဖြစ် သုမင်္ဂလာဈေး (ညံတောဈေး) သို့ သွားရောက်ခဲ့ခြင်း ဖြစ်သော်လည်း အဆိုပါ ခြောက်ထပ်အဆောက်အအုံကြီးမှာ ယနေ့ထက်ထိ ဈေးသည်များမရှိဘဲ ခြောက်ကပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“သုမင်္ဂလာဈေးကို တချို့က ခြောက်ထပ်ဈေးလို့လည်း ခေါ်ကြတယ်။ စင်တာကြီးကသာ အကြီးကြီး၊ အထဲမှာ ဆိုင်ခန်းက ဘာမှမရှိသလောက်ပဲ။ အောက်ထပ်က Capital Market မှာလည်း ဝယ်စရာ ဘာမှမရှိဘူး။ ဒီမှာ နာမည်ကြီးတဲ့ ဒီဇင်ဘာခြံ နွားနို့ဆိုင်၊ SS ရှမ်းမလိုင်ဆိုင်တို့လို နာမည်ရှိပြီးသား ဆိုင်ကြီးအချို့က ဆိုင်ခွဲလာဖွင့်ထားတာပဲ ရှိတယ်။ အရင်ဈေးဟောင်းတုန်းက ဆိုင်တွေ ပြန်ဖွင့်နိုင်တာ မတွေ့ရဘဲ ဆိုင်ခန်းအလွတ်တွေချည်းပဲ ဖြစ်နေတာ” ဟု ပြင်ဦးလွင်မြို့ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အလားတူ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့ကို Clean City၊ Green City၊ Smart City ဖြစ်စေရေးအတွက်ဟု ဆိုကာ အနီးစခန်းလေဆိပ် တိုးချဲ့ခြင်းနှင့် လေးလမ်းသွား လမ်းမကြီးများ ဖောက် လုပ်ခြင်း စီမံကိန်းများကိုပါ အရှိန်မြှင့်ရန် ဖိအားပေးခဲ့သည်။

 

အနီးစခန်းလေဆိပ်ကို တစ်ရက်လျှင် ခရီးသည် ၁,၀၀၀ ခန့် ဝင်ထွက်နိုင်မည့် ပြည်တွင်းလေဆိပ်အဖြစ် တိုးချဲ့နေမှုကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ နေအိမ်နှင့် ယာမြေများ အဓမ္မသိမ်းဆည်းခံ နေရကြောင်း သိရသည်။

“လေဆိပ်ပြင်နေတာကို မနှစ်ကတည်းက တိတ်တိတ်လေး လုပ်နေကြတာ။ ခြံဝယ်ထားတဲ့သူတွေ မြေသိမ်းခံလိုက်ရတာတွေ ရှိတယ်။ ခရီးသွားဖို့ထက် အနီးစခန်းအောက်ဘက်က တရုတ်စက်ရုံနဲ့ စီးပွားရေးလုပ်ဖို့၊ ကုန်သယ်ဖို့ လေဆိပ်ချဲ့နေတာလို့ ကြားတယ်” ဟု အနီးစခန်း ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် မြို့တွင်း ယာဉ်ကြောကြပ်တည်းမှု လျှော့ချရန်ဟု အကြောင်းပြကာ လမ်းတံတား တိုးချဲ့ရန်အတွက် မိုးကြိုးကျေးရွာအုပ်စုအတွင်းရှိ လေးအိမ်စုရွာနှင့် သဲဖြူချောင်းရွာများမှ ကျေးရွာ မြေများကိုလည်း သိမ်းဆည်းလျက်ရှိသည်။

 

“လေးအိမ်စုရွာနဲ့ သဲဖြူချောင်းရွာတွေ အကုန်ဖယ်ရမယ်လို့ ကြားနေရတယ်။ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ နောင်ချိုဘက် တိုက်ပွဲတွေဖြစ်တုန်းက အဲဒီရွာတွေဘက်မှာ လက်နက်ကြီးသံတွေ နေ့တိုင်းကြားရလို့ သူဌေးတွေ ရန်ကုန်ဘက် ပြောင်းပြေးကြရသေးတယ်” ဟု မိုးကြိုးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

မိုးကြိုးကျေးရွာအုပ်စုရှိ လေးအိမ်စုရွာနှင့် တောင်ပြိုရွာတို့မှ ပြင်ဦးလွင်မြို့သို့ ဆက်သွယ်မည့် အရှည်ပေ ၅,၃၀၀ ရှိ လမ်းကြောင်း (၁) နှင့် အရှည်ပေ ၄,၂၀၀ ရှိ လမ်းကြောင်း (၂) လမ်းအူကြောင်းသစ်များကို ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းအပြင် ပြင်ဦးလွင်ဘူတာရှိ ဘူတာဈေးကိုလည်း အပြီးတိုင် ဖယ်ရှားလိုက်ပြီး ယင်းနေရာတွင် မီးရထားဟိုတယ်နှင့် ကုန်တိုက် (Shopping Mall) ဆောက်လုပ်ရန် မြေပြင်ရှင်းလင်းမှုများ စတင်နေသဖြင့် အခြေခံဈေးသည်များ လုပ်ကိုင်စားသောက်ခွင့် ဆုံးရှုံးကာ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးနေကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်