ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

 

ရွေးတုအစိုးရစစ်တပ်သည် ၎င်းတို့၏ စစ်တက္ကသိုလ်များသို့ အရပ်သားလူငယ်များ လျှောက်ထားမှု လွန်စွာနည်းပါးလာခြင်းကို ဖြေရှင်းရန်အတွက် တပ်မတော်ပညာရေးသင်တန်းကျောင်းများ ဖွင့်လှစ် ပေးမည်ဟု အကြောင်းပြကာ အသက် ၁၇ နှစ်မှ ၁၉ နှစ်အတွင်းရှိ လူငယ်များကို အရာရှိလောင်းအဖြစ် ခေါ်ယူနေကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade 10, Grade 11 နှင့် Grade 12 တို့ကို စစ်တပ်ပညာရေးသင်တန်းကျောင်းများတွင် ဖွင့်လှစ် သင်ကြားပေးမည်ဟု ထုတ်ပြန်ထားပြီး လာမည့် မေ ၁၄ ရက်မှ မေ ၂၀ ရက်အတွင်း လျှောက်လွှာများကို နီးစပ်ရာ စစ်တိုင်းဌာနချုပ်များတွင် ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

 

ပဏာမရွေးချယ်ခံရသူများသည် မေ ၂၂ ရက်တွင် အုပ်ထိန်းသူများနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်သူများကိုသာ အတည်ပြုရွေးချယ်သွားမည်ဟု ဆိုသည်။

” သေဆုံး ဒဏ်ရာရတွေ တအားများနေလို့ ပြည်သူစစ်တွေနဲ့ အစားထိုးတယ်။အဲ့ဒီလို အစားထိုးလည်း တပ်ထဲမှာပဲ အမြဲရှိနေမယ့် သန္ဓေ အောက်ခြေစစ်သားတွေနဲ့ အရာရှိငယ်တွေက စစ်တပ်အပေါ် စိတ်ပျက်နေကြတာ။ DSA ဆို သာမန်အရပ်သားက လျှောက်တဲ့သူ မရှိသလောက်နည်းတယ်။ ဒါကြောင့် ကလေးတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ ဉာဏ်ဆင်လာတာ” ဟု CDM တပ်မတော်သား အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လျှောက်ထားသူများသည် Grade 10 အတွက် အသက် ၁၇ နှစ်၊ Grade 11 အတွက် ၁၈ နှစ်နှင့် Grade 12 အတွက် အသက် ၁၉ နှစ် မကျော်လွန်သည့် မြန်မာနိုင်ငံသား လူပျိုအမျိုးသားများ ဖြစ်ရမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ စစ်ဆေးချက်များ အောင်မြင်ရမည်ဟု ကန့်သတ်ထားသည်။

 

အဆိုပါ သင်တန်းကျောင်းများကို လှည်းကူးရဲမွန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း သားများအတွက် စားသောက်နေထိုင်ရေးနှင့် လစဉ်ထောက်ပံ့ကြေးများ ပေးအပ်မည့်အပြင် အထက်တန်းအောင်မြင်ပါက စစ်တက္ကသိုလ် (DSA) နှင့် စစ်ဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (စစ်သိပ္ပံ) များသို့ ဆက်လက်လျှောက်ထားနိုင်သည်ဟု မက်လုံးပေးခေါ်ယူထားသည်။

 

စစ်တပ်သည် ယခုသင်တန်းကျောင်းများမှတစ်ဆင့် လူငယ်များကို အခမဲ့ပညာသင်ဆုပြကာ စစ်ဘက် ဆိုင်ရာ အယူဝါဒများနှင့် စိတ်ဓာတ်စစ်ဆင်ရေးများဖြင့် ကြိုတင်လေ့ကျင့်ပေး၍ စစ်တပ်အပေါ် သစ္စာရှိမည့် အရာရှိလောင်းများရရှိရန် ဉာဏ်ဆင်တိုးမြှင့်ခေါ်ယူလာခြင်းဖြစ်ကြောင်း CDM တပ်မတော်သား အရာရှိက ဆိုသည်။

 

ဓာတ်ပုံ-MOI၊ လူမှုကွန်ရက်