နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှပေါ်ထွက်လာသည့် ရွေးတု အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် စစ်အုပ်ချုပ်ရေး ကြေညာထားသော ဒေသများအနက် ၎င်းတို့ကို ခုခံတော်လှန်မှု အားအကောင်းဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းနှင့် မြေပြင် ထိုးစစ်များကို ပိုမိုတိုးမြှင့် တိုက်ခိုက်နေသည့်အပြင် တော်လှန်ရေးအင်အားစုများ ပြိုကွဲစေရန် စိတ်ဓာတ်စစ်ဆင်ရေးကိုပါ တွဲဖက်လုပ်ဆောင်လာကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများ ထံမှ သိရသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်အားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် ရွေးတုအစိုးရ စစ်တပ်သည် ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ မုံရွာ၊ မြင်းမူ၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ စစ်ကိုင်း၊ ထီးချိုင့်၊ ကသာနှင့် ရွှေဘိုမြို့နယ်တို့မှ PDF တပ်ဖွဲ့ဝင် ၁၄၆ ဦးသည် ၎င်းတို့ထံ လက်နက်ခဲယမ်းများ နှင့်အတူ အညံ့ခံ လက်နက်ချလာသည်ဟု ပြီးခဲ့သည့် မေ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ တပ်ရင်းမှာတော့ လက်နက်ချတာမျိုး လုံးဝမရှိဘူး။ ရွှေဘိုခရိုင်အနေနဲ့တော့ အနည်း အကျင်း ရှိနိုင်ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးထိုးစစ်လုပ်လာတဲ့ အနေအထားမှာ ရေပေါ်ဆီအနေနဲ့ ပြန်နေလို့ရမလားဆိုတဲ့ အတွေးမျိုးနဲ့ သန္ဓေမမှန်တဲ့သူတချို့ ပြန်ဝင်သွားတာတော့ ရှိတယ်။ ဒါကို စစ်တပ်ဘက်က တော်လှန်ရေးသမားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုင်နဲ့အောင် လုပ်တဲ့ စိတ်ဓာတ်စစ်ဆင် ရေးလို့ပဲ မြင်တယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း (၂၆) တပ်ရင်းမှူး ကိုပီလွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရကမူ ၎င်းတို့ထံ ယင်းမာပင်မှ တစ်ဦး၊ ဆားလင်းကြီးမှ တစ်ဦး၊ ပုလဲမှ ၁၂ ဦး၊ မုံရွာမှ သုံးဦး၊ မြင်းမူမှ နှစ်ဦး၊ ဟုမ္မလင်းမှ ခြောက်ဦး၊ တမူးမှ နှစ်ဦး၊ ကလေးမှ ၃၅ ဦး၊ စစ်ကိုင်းမှ ၆၁ ဦး၊ ထီးချိုင့်မှ လေးဦး၊ ကသာမှ တစ်ဦးနှင့် ရွှေဘိုမှ ၁၈ ဦး စုစုပေါင်း ၁၄၆ ဦး လက်နက်နှင့်အတူ ထပ်မံ အညံ့ခံလာသဖြင့် မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဝါဒဖြန့် ထုတ်ပြန်ခဲ့သည်။
ယင်းမတိုင်ခင်ကလည်း EROs နှင့် PDF တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံမှု ရှိသည်ဟု ဝါဒဖြန့်နေပြီး ရွေးတုသမ္မတဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက် သတ်မှတ်ပြီးနောက် ထိုးစစ်ဆင်မှုများနှင့်အတူ စိတ်ဓာတ်စစ်ဆင်ရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာခြင်းဖြစ်သည်။

ရွေးတုအစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် လက်နက်ချရန် ဖိတ်ခေါ်ကာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာဖြင့် စိတ်ဓာတ် စစ်ဆင်ရေး ပြုလုပ်နေသော်လည်း မြေပြင်တွင်မူ တိုက်ပွဲများသာ ပြင်းထန်နေကြောင်း စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဆိုသည်။
“တော်လှန်ရေးအင်အားစုတွေကို ဆိုက်ဝါးလုပ်တဲ့ တိုက်ကွက်တစ်ခုလို့ပဲ ယူဆတယ်။ မြေပြင်မှာ ဝါဒဖြန့်သလို ဖြစ်စဉ်မျိုး မရှိဘူး။ အဓိကကတော့ ထိတွေ့တိုက်ပွဲတွေပဲ ပြင်းထန်နေတာပါ” ဟု ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောကြားသည်။
ရွေးတုအစိုးရသည် နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် ကိုးခုမှ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေးများ ထုတ်ပြန်ထားပြီး လေကြောင်းအားပြု မြေပြင်ထိုးစစ်များ ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ အပါအဝင် ရှစ်မြို့နယ်တွင်လည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။
“ဒေသတွင်းမှာတော့ ကာချုပ်အဖြစ် ရဲဝင်းဦး တက်လာပြီးတဲ့ချိန်မှာ သူတို့ ရက် ၁၀၀ စီမံချက်နဲ့ စစ်မှုထမ်း အမှတ်စဉ်ကလည်း (၂၄) အထိ ရောက်သွားပြီဆိုတော့ အဓမ္မစစ်သား စုဆောင်းထားတဲ့ လူငယ်လူရွယ်တွေနဲ့ တကျော့ပြန် အင်အားသုံး စစ်ကြောင်းထိုးလာတာတွေ ရှိနေတယ်” ဟု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဆက်လက်ထောက်ပြသည်။
ရွေးတုအစိုးရစစ်တပ်သည် မြေပြင်၌ သာလွန်အင်အားသုံး စစ်ကြောင်းထိုးရာတွင်လည်း လမ်းတစ် လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ ခိုးယူလုယက်သလို အရပ်သားများအား ဖမ်းဆီးငွေညှစ်၍ လူသားဒိုင်သဖွယ် အသုံးချနေပြီး ၎င်းတို့၏ ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများအနက် စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်