ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေ တာကို နိုင်ငံတကာအဆင့် အရေးပေါ်ပြည်သူ့ကျန်းမာရေးအခြေအနေအဖြစ် တနင်္ဂနွေနေ့မှာ ကြေညာ လိုက်ပါတယ်။
အခုဆိုရင် ဒီဗိုင်းရပ်စ်ကြောင့် လူ ၉၀ နီးပါး သေဆုံးခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကူးစက်မှုတွေအပြင် မြို့ကြီးတွေမှာပါ သံသယလူနာတွေ တွေ့လာရလို့ ဖြစ်ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေရဲ့ အဆိုအရ ကွန်ဂိုအရှေ့ပိုင်း အီတူရီပြည်နယ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဒီကူးစက်မှုကြောင့် လက်ရှိမှာ သေဆုံးသူ အနည်းဆုံး ၈၈ ဦး ရှိနေပြီး သံသယလူနာ ၃၀၀ ကျော်သွားပြီလို့ သိရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ ယူဂန်ဒါနိုင်ငံအထိပါ ပြန့်နှံ့သွားပြီး ကွန်ဂိုကလာတဲ့ ခရီးသွားတွေဆီကနေ တစ်ဆင့် ကူးစက်ခံရသူ အနည်းဆုံး ၂ ဦးကို ဓာတ်ခွဲခန်းမှာ အတည်ပြုနိုင်ခဲ့သလို ယူဂန်ဒါမြို့တော် ကမ်ပါ လာမှာလည်း လူတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
WHO တာဝန်ရှိသူတွေက အခုအခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်အထိတော့ မ ရောက်သေးဘူးလို့ ဆိုပေမဲ့ လူထုရွှေ့ပြောင်းသွားလာမှုတွေ၊ စစ်ဆေးရေးမရှိတဲ့ နယ်စပ်ဂိတ်တွေနဲ့ ဒေသ အတော်များများမှာ ဆက်တိုက်ကူးစက်နေတာတွေကြောင့် ဒေသတွင်း ကူးစက်နိုင်ခြေ အန္တရာယ်အလွန် မြင့်မားနေတယ်လို့ သတိပေးထားပါတယ်။
ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အခုကူးစက်မှုကို ဖြစ်စေတာဟာ ၂၀၀၀ ပြည့်နှစ် က ယူဂန်ဒါမှာ ပထမဆုံးတွေ့ခဲ့တဲ့ ရှားပါးဗိုင်းရပ်စ်အမျိုးအစားဖြစ်တဲ့ ဘန်ဒီဘူဂျို အီဘိုလာမျိုးစိတ် ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒီမျိုးစိတ်ဟာ အရင်က နှစ်ကြိမ်ပဲ ကူးစက်မှုဖြစ်ဖူးပြီး လက်ရှိမှာတော့ သီးသန့်အတည်ပြုထားတဲ့ ကုသဆေး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးဘူးလို့ WHO က ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ပိုးရှိသူရဲ့ သွေး၊ အန်ဖတ်နဲ့ အခြားညစ်ညမ်းပစ္စည်းတွေအပါအဝင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ ကူးစက်တာဖြစ်ပြီး ရောဂါလက္ခဏာပြလာပြီဆိုတာနဲ့ သူများဆီကို ကူးစက်နိုင်ခြေ ရှိသွားပါပြီ။
ရောဂါလက္ခဏာတွေအနေနဲ့ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ကြွက်သားတွေနာကျင်တာနဲ့ ခန္ဓာကိုယ်အတွင်းအပြင် သွေးယိုစိမ့်တာတွေ ဖြစ်နိုင်ပါတယ်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်ကလည်း သောကြာနေ့ ရှင်းလင်းပွဲမှာ အခုကူးစက်မှုရဲ့ တ ကယ့်အတိုင်းအတာပမာဏနဲ့ အတည်ပြုလူနာတွေအပြင် တခြားဘယ်လောက်အထိ ပြန့်နှံ့သွားပြီလဲဆို တာ သေချာမသိရသေးဘဲ မရေရာမှုတွေ အများကြီးရှိနေဆဲပဲလို့ ပြောပါတယ်။
ကိုးကား – Time
Ref; WHO Declares Global Emergency Over Ebola Strain With No Vaccine. Here’s What To Know