ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မြို့နယ်များတွင် ယနေ့ မေ ၁၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ်ဝန်းကျင်က မဂ္ဂနီကျု့ ၅.၂ အဆင့်ရှိ မြေငလျင်တစ်ခု သိသိသာသာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရာ အထပ်မြင့် အဆောက်အအုံများနှင့် စံချိန်စံညွှန်းမမီသည့် ကန်ထရိုက်တိုက်များပြည့်နှက်နေသော ရန်ကုန်မြို့ပြရှိ ပြည်သူများ အလန့်တကြား ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

 

ယနေ့နံနက် ၈ နာရီ ၃၅ မိနစ် ၂၆ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၂၇ မိုင်ခန့်အကွာ၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာ အနက် ၄၀ ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂ မဂ္ဂနီကျု့ ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် သန်လျင်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာ အပါအဝင် ရန်ကုန်မြို့နယ်အများစုတွင် မြေပြင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ ကြရသည်။

 

“ငလျင်က တော်တော်လေး အင်အားပြင်းတယ်။ အိမ်တွေဆိုတာ ယိမ်းထိုးနေတာပဲ။ ဆိုင်ကယ်တွေ၊ အိမ်ထဲကပစ္စည်းတွေ၊ တံခါးတွေအကုန် တုန်ခါယိမ်းထိုးနေတာ မိနစ်အနေနဲ့ဆိုရင် ၂ မိနစ်ကျော် ၃ မိနစ်လောက်အထိကို သိသိသာသာကြီးကို လှုပ်သွားတာ” ဟု ငလျင်ဗဟိုချက်နှင့် နီးစပ်သည့် သန်လျင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက မြေပြင်အခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရန်ကုန်မြို့ပြတွင် အင်ဂျင်နီယာစံနှုန်းနှင့် ကိုက်ညီမှုမရှိဘဲ အမြတ်ထုတ်ဆောက်လုပ်ထားသည့် အရည်အသွေးညံ့ ကန်ထရိုက်တိုက်များနှင့် အခြေခံအုတ်မြစ် အားနည်းသော အထပ်မြင့်အဆောက် အအုံများပြားလှသဖြင့် ယခုကဲ့သို့ မဂ္ဂနီကျု့ ၅ အထက်ရှိသော ငလျင်လှုပ်ခတ်မှုမျိုးသည် ဒေသခံ ပြည်သူများအတွက် အဆောက်အအုံပြိုကျပျက်စီးနိုင်သည့် အန္တရာယ်ကြီးမားကြောင်း ငလျင် ပညာရပ်ကို အထူးပြုလေ့လာနေသော ဘူမိဗေဒပညာရှင်များထံမှ သိရသည်။

 

“အိပ်နေရင်းနဲ့ ခုတင်ကြီး လှုပ်ပြီး ခေါင်းတွေပါ မူးလာလို့ နိုးလာတာ။ ကြည့်လိုက်တော့မှ ငလျင် လှုပ်နေမှန်းသိတာနဲ့ ချက်ချင်း အပြင်ကို ထပြေးရတယ်” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ တစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်