ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံ၊ အိုင်ဒါဟိုပြည်နယ်မှာ ကျင်းပတဲ့ လေကြောင်းပြပွဲတစ် ခုမှာ အမေရိကန် တိုက်လေယာဉ်နှစ်စင်း ဝေဟင်မှာ တိုက်မိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါ တယ်။

 

ဒီမတော်တဆမှုဟာ Mountain Home လေတပ်စခန်းက လေကြောင်းပြပွဲမှာ E/A-18G Vikings Growler အဖွဲ့က တိုက်လေယာဉ်နှစ်စင်း သရုပ်ပြပျံသန်းနေတုန်း ဖြစ်ပွားခဲ့တာပါ။

 

လေယာဉ်ချင်း တိုက်မိပြီးနောက် အမေရိကန်ရေတပ်က လေသူရဲ လေးဦးစလုံး အသက်ဘေးက နေ ဘေးကင်းကင်းနဲ့ လွတ်မြောက်ခဲ့တယ်လို့ ပွဲကြေညာသူက ပရိသတ်တွေကို ချက်ချင်း အသိပေးခဲ့ပါ တယ်။

ပွဲကြည့်ပရိသတ်တွေ ရိုက်ထားတဲ့ ဗီဒီယိုတွေထဲမှာလည်း လေယာဉ်နှစ်စင်း တိုက်မိသွားပြီးတဲ့ နောက် လေထီးလေးခု ဝေဟင်မှာ ပွင့်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

 

တာဝန်ရှိသူတွေကတော့ ဒီဖြစ်စဉ်ကို ဝေဟင်ချင်း တိုက်မိမှုအဖြစ် သတ်မှတ်ထားပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် အဲဒီလေတပ်စခန်းကို လုံခြုံရေးအရ ပိတ်ထားတယ်လို့ သိရပါတယ်။

 

ဒီလေကြောင်းပြပွဲကို Mountain Home လေတပ်စခန်းမှာ မကျင်းပဖြစ်တာ ရှစ်နှစ်ကြာပြီဖြစ်ပြီး အခုမှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာလို့ သိရပါတယ်။

 

အရင်တုန်းကလည်း ဒီပြပွဲမှာ မတော်တဆမှုတွေ ဖြစ်ဖူးပြီး ၂၀၁၈ ခုနှစ် ပြပွဲတုန်းက စက်မဲ့လေ ယာဉ်လေသူရဲတစ်ဦး မတော်တဆဖြစ်ပြီး သေဆုံးခဲ့ဖူးသလို ၂၀၀၃ ခုနှစ်မှာ လေတပ်ရဲ့ Thunderbird တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကလည်း လေသူရဲကတော့ အချိန်မီ ခုန်ထွက်နိုင်ခဲ့လို့ ဘေးကင်းခဲ့ပါတယ်။

 

ယခုလေယာဉ်ပျက်ကျမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ကျန်ရှိနေတဲ့ လေကြောင်းပြပွဲ အစီအစဉ် အားလုံးကိုတော့ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

 

ကိုးကား – Anadolu
Ref; 2 US fighter jets collide at air show in state of Idaho; all 4 crew members eject safely