ဧရာ၀တီတိုင်းမ်
မေ ၁၇ ရက်
အာရှအမျိုးသမီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရန်အတွက် မြောက်ကိုရီးယား အမျိုး သမီးဘောလုံးကလပ်အသင်းတစ်ခု တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားမှ အားကစားသမားများအနေဖြင့် ၈ နှစ်တာကာလအတွင်း တောင်ကိုရီးယားမြေသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယား နီဂိုယန် ကလပ်အသင်းမှ ကစားသမား ၂၇ ဦးနှင့် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ဆိုက်ရောက်လာ ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား နီဂိုယန်ကလပ်အသင်းသည် လာမည့် မေ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဆူဝမ်မြို့၌ တောင်ကိုရီးယား ဆူဝမ် အသင်းနှင့် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယခုခရီးစဉ်ကို ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန်ဖလှယ်ရေးဥပဒေအရ တောင်ကိုရီးယားအစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် မြောက်ကိုရီးယားအသင်း ရှုံးနိမ့်ခဲ့ပါက နေရပ်သို့ ချက်ချင်း ပြန်မည်ဖြစ်သော်လည်း နိုင်ခဲ့ပါက လာမည့် မေလ ၂၃ ရက် (သီတင်းပတ်ကုန်) အထိဆက်လက် နေထိုင်မည်ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ အားကစားထိပ်တိုက်တွေ့ဆုံမှုအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုမှာ အမြင့်မားဆုံး တွင်ရှိနေပြီး ပွဲကြည့်လက်မှတ်ပေါင်း ၇,၀၈၇ စောင်လုံးမှာ ရောင်းချသည့် တစ်ရက်အတွင်း ကုန်စင်သွားခဲ့ကြောင်း တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကို ကိုးကား၍ ယွန်ဟပ် (Yonhap) သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်လိုမုန်းတီးမှု အရှိဆုံးနိုင်ငံ အဖြစ် သတ်မှတ်ကာ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၁၉၅၃) ကတည်းက ကွဲကွာခဲ့သည့် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို လုံးဝပယ်ချထားသော်လည်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ကမူ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် ဆန္ဒရှိနေသည်။

“ဒီတစ်ကြိမ် ခရီးစဉ်လေးတစ်ခုတည်းနဲ့ တင်းမာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကြီး တစ်ခုလုံး အရည် ပျော်သွားဖို့ မျှော်လင့်ရခက်ပေမဲ့ ဒါဟာ တောင်နဲ့မြောက်ကြားက မြင့်မားလှတဲ့ အတားအဆီး တံတိုင်းတွေကို ဖြိုဖျက်ပစ်နိုင်မယ့် အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တောင်ကိုရီးယား အာဏာရ ဒီမိုကရက်တစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် တောင်နှင့်မြောက် ဆွေးနွေးပွဲတံခါးများ ပွင့်လာစေရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။
ယခုပွဲစဉ်သည် နိုင်ငံလက်ရွေးစင်အသင်းများကစားခြင်းမဟုတ်ဘဲ ကလပ်အသင်းအချင်းချင်း ကစား ခြင်းဖြစ်သောကြောင့် နိုင်ငံတော်သီချင်းများ သီဆိုခြင်း သို့မဟုတ် ကိုရီးယားကျွန်းဆွယ်မြေပုံ ပါဝင်သည့် “ကိုရီးယားပြန်လည်ပေါင်းစည်းရေးအလံ” ကဲ့သို့သော နိုင်ငံရေးအထိမ်းအမှတ် အလံများ အသုံးပြုခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။
သို့သော် တောင်ကိုရီးယားအစိုးရက နှစ်နိုင်ငံချစ်ကြည်ရေး ရန်ပုံငွေထဲမှ ဝမ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ နှစ်သိန်းခန့်) ကို သုံးစွဲကာ နှစ်ဖက်စလုံးကို အားပေးကူညီမည့် ပရိသတ်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီးတောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချောင်ဒုံယောင်း ကိုယ်တိုင် ကွင်းအတွင်း လာရောက်ကြည့်ရှုရန် စဉ်းစားလျက်ရှိကြောင်း မီဒီယာများက ဖော်ပြကြသည်။
မြောက်ကိုရီးယား နီဂိုယန်ကလပ်အသင်း နှင့် တောင်ကိုရီးယား ဆူဝမ်အသင်းတို့၏ ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းသည် လာမည့်စနေနေ့တွင် မဲလ်ဘုန်းစီးတီး သို့မဟုတ် တိုကျိုဗာဒီ အသင်းနှင့် ဗိုလ်လုပွဲအဖြစ် ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။
ကိုးကား- the Guardian
Ref;Tearing down barriers’: North Korean footballers arrive in Seoul for first time in eight years