ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၁၇ ရက်)

အဖေအမေ ဖြစ်လာကြတဲ့အခါ မိမိတို့ရဲ့ သားသမီးငယ်လေးတွေကို မဖျားမနာ၊ ကျန်းကျန်းမာမာ ရှိစေချင်တာ မိဘတိုင်းရဲ့ မေတ္တာအရင်းခံ စိတ်ကူးပါပဲ။

အခုလို မိုးဦးကျ ရာသီအကူးအပြောင်း ကာလမျိုးမှာ ဆရာဝန်တစ်ယောက်အနေနဲ့ မိဘတွေဆီက အမေးအများဆုံး မေးခွန်းတစ်ခုကတော့ “ကလေးတွေအတွက် တုပ်ကွေးကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးလို့ရပြီလဲ ဆရာ” ဆိုတာပါပဲ။ အခုဆိုရင် ပြည်သူအများစုဟာ တစ်နှစ်တစ်ခါ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးဖို့ဆိုတဲ့ အသိပညာကို နားလည်နေကြပြီ ဖြစ်ပါတယ်။

◼️ရာသီတုပ်ကွေးဗိုင်းရပ်စ်၏ သဘာဝ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ရာသီတုပ်ကွေးရောဂါ ကာကွယ်နိုင်ဖို့အတွက် နှစ်စဉ် နှိုးဆော်ချက်တွေ ထုတ်ပြန်ပေးလေ့ ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရာသီတုပ်ကွေးဗိုင်းရပ်စ် (Influenza Virus) တွေဟာ နှစ်စဉ် ၎င်းတို့ရဲ့ မျိုးဗီဇပုံစံကို အဆက်မပြတ် ပြောင်းလဲနေတတ်ကြလို့ပါပဲ။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက ပညာရှင် တွေဟာ လက်ရှိ ကူးစက်ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေနဲ့ ကိုက်ညီမယ့် ကာကွယ်ဆေးတွေကို နှစ်စဉ် အဆင့်မြှင့်တင် ထုတ်လုပ်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် မနှစ်ကထိုးထားတဲ့ ကာကွယ်ဆေးဟောင်းဟာ ဒီနှစ်မှာ ထပ်မံကူးစက်လာတဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်တွေကို ထိရောက်စွာ အကာအကွယ် မပေးနိုင်တော့ပါဘူး။ နောက်ဆုံးထွက်ရှိထားတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးနှံနေမှသာ စိတ်ချရတဲ့ အကာအကွယ်ကို ရရှိနိုင်မှာဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ကလည်း လမ်းညွှန်ထားပါတယ်။

◼️မဖြစ်မနေ တုပ်ကွေးကာကွယ်ဆေး ထိုးနှံသင့်သူများ

အသက် ၆ လအထက်ရှိတဲ့ လူတိုင်းလူတိုင်း နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံသင့်တယ်လို့ Mayo Clinic က လမ်းညွှန်ထားပါတယ်။ အထူးသဖြင့် တုပ်ကွေးမိရင် ရောဂါပြင်းထန်ပြီး နောက်ဆက်တွဲ ဆိုးကျိုးခံစားရနိုင်ခြေ များသူတွေအနေနဲ့ ဦးစားပေး မဖြစ်မနေ ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်။

ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ရောဂါပိုးများနဲ့ အမြဲထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မဖြစ်မနေ တုပ်ကွေး ကာကွယ်ဆေး ထိုးဖို့ လိုပါမယ်။ ထိုးကို ထိုးသင့်ပါတယ်။

နာတာရှည် ရောဂါအခံရှိသူတွေ၊ ပန်းနာရင်ကြပ်နဲ့ နာတာရှည်အဆုတ်ရောဂါ ရှိသူတွေ၊ နာတာရှည် နှလုံး၊ အသည်း၊ ကျောက်ကပ်ရောဂါခံစားနေရသူတွေ၊ ဆီးချိုရောဂါရှိသူများနှင့် သွေးကျဲဆေး သောက်သုံး နေရသူတွေ၊ ခန္ဓာကိုယ်ခုခံအားကျဆင်းနေသူတွေ၊ ဘေလုံးခွဲစိတ်ဖယ်ထုတ်ထားသူတွေ၊ အဝလွန် နေသူတွေအနေနဲ့လည်း ရာသီတုပ်ကွေး ကူးစက်ခဲ့ရင် ဆိုးရွားတဲ့နောက်ဆက်တွဲ ပြဿနာတွေ ကြုံရနိုင်တာကြောင့် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အကြံပြုလိုပါတယ်။

◼️ကာကွယ်ဆေး၏ ကောင်းကျိုး (၃) ချက်

တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းကြောင့် အဓိကရနိုင်တဲ့ အကျိုးကျေးဇူး သုံး ချက် ရှိပါတယ်။

၁။ ရောဂါပြင်းထန်မှုကို လျှော့ချပေးခြင်း
-ဆေးထိုးထားပေမယ့် တုပ်ကွေးမိခဲ့ရင် နာဖျားချိန်ကို တိုတောင်းစေပြီး၊ ရောဂါပြင်းထန်မှုကြောင့် ဆေးရုံတက်ရောက်ကုသရနိုင်ခြေကို ၄၀% မှ ၆၀% အထိ လျှော့ချပေးပါတယ်။

၂။ နောက်ဆက်တွဲ အသက်အန္တရာယ်မှ ကာကွယ်ခြင်း
-ပြင်းထန်အဆုတ်ရောင်ခြင်း (Pneumonia)၊ နှလုံးရောဂါအခံ ပိုမိုဆိုးရွားလာခြင်း စတဲ့ နောက်ဆက်တွဲ အသက်အန္တရာယ်ရှိတဲ့ ပြဿနာတွေကို တားဆီးပေးပါတယ်။

၃။ပတ်ဝန်းကျင်ကို ဝိုင်းဝန်းကာကွယ်ခြင်း
-မိမိကိုယ်တိုင် ကာကွယ်ဆေးထိုးခြင်းဖြင့် အိမ်တွင်းရှိ ကာကွယ်ဆေး ထိုးလို့မရသေးတဲ့ (အသက် ၆ လအောက်) ကလေးငယ်တွေနဲ့ ကိုယ်ခံအား အလွန်နည်းတဲ့ လူကြီးတွေထံ ရောဂါမပြန့်ပွားအောင် ကူညီရာရောက်ပါတယ်။

◼️တုပ်ကွေးကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးများ

ကာကွယ်ဆေးကြောင့် ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Allergic reaction) ဖြစ်ပွားမှုက အလွန်ပင် ရှားပါးပါတယ်။ ဆေးထိုးထားတဲ့နေရာ နီရဲရောင်ရမ်းခြင်း၊ ဆေးထိုးပြီးစမှာ ကိုယ်ပူချင်သလိုဖြစ်ခြင်း၊ ကြွက်သားကိုက်ခဲခြင်းနဲ့ နုံးချိခြင်းတို့ဟာ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ် အလုပ်လုပ်နေတဲ့ လက္ခဏာတွေသာဖြစ်ပြီး ၁ ရက်၊ ၂ ရက်အတွင်း အလိုအလျောက် ပြန်လည်ပျောက်ကင်း သွားတတ်ပါတယ်။

◼️အသက်အရွယ်အလိုက် ဆေးထိုးနှံရမည့် အကြိမ်ရေ

အသက် ၆ လမှ ၈ နှစ်အတွင်း ကလေးငယ်တွေကတော့ တုပ်ကွေးကာကွယ် ဆေး ပထမဆုံးအကြိမ် ထိုးနှံခြင်းဖြစ်ပါက (၂) ကြိမ် တိတိ ထိုးနှံရပါမယ်။ ပထမအကြိမ် ဆေးထိုးပြီး လေးပတ် (၁ လ) အကြာမှာ ဒုတိယအကြိမ် (Booster Dose) ကို ထပ်မံထိုးနှံရမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာတော့ တစ်နှစ် (၁) ကြိမ်သာ ထိုးဖို့ လိုအပ်ပါတယ်။

အသက် ၉ နှစ်နှင့်အထက်ကတော့ ဘယ်လို့ အသက်အရွယ်မဆိုတစ်နှစ်လျှင် (၁) ကြိမ်သာ ပုံမှန်ထိုးနှံရန် လိုအပ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးတွေဟာ အေးမြပြီး စနစ်တကျ အပူချိန်ထိန်းချုပ်ထားတဲ့ Cold Chain စနစ်နဲ့ သိုလှောင်ထိန်းသိမ်းရတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ မကြာခင် မုတ်သုံရာသီ ရောက်ရှိတော့မှာဖြစ်လို့ တုပ်ကွေးဗိုင်းရပ်စ်တွေ အလွယ်တကူ ကူးစက်ပြန့်ပွားတတ်တဲ့ မိုးဦးမကျခင် (သို့မဟုတ်) ရာသီ အကူးအပြောင်းကာလတွေမှာ မိမိတို့ရဲ့ ရင်သွေးငယ်တွေနဲ့ မိသားစုဝင်တွေအားလုံး ကြိုတင်ပြင်ဆင်ပြီး တုပ်ကွေးကာကွယ်ဆေးထိုးနှံထားနိုင်ကြစေဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

နောက်တစ်ပတ်မှာတော့ ပြည်သူတွေ စိတ်ဝင်စားကြတဲ့ “အချိုမှုန့်၊ ဆား၊ ကြက်သားမှုန့်များ စားသုံးခြင်းက ကျန်းမာရေးကို တကယ်ထိခိုက်စေသလား” ဆိုတဲ့ ဆောင်းပါးကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကျန်းမာကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #တုပ်ကွေးကာကွယ်ဆေးဘယ်အချိန်ထိုးရမလဲ #Ayeyarwaddy_Times