‎ဧရာဝတီတိုင်းမ်
‎မေ ၁၇ရက်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းသို့ ရွေးတုအစိုးရစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ပြီး အိမ်အတွင်းရှိ အသက်ကြီးပိုင်း အမျိုးသမီး သုံးဦး မီးလောင်သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ မေ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က ဖားကန့်ဗျူဟာကုန်းဘက်မှ စစ်တပ်က လွှတ်တင်လိုက်သည့် ဒရုန်းဗုံးသည် လုံးခင်းကျေးရွာ၊ ရပ်ကွက် (၄) အတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဒရုန်းဗုံးထိတဲ့အိမ်က ခဏလေးအတွင်း မီးလောင်သွားတာ။ အိမ်ထဲမှာရှိတဲ့ အသက် ၇၀ ကျော် အမျိုးသမီးကြီးတစ်ယောက်၊ ၆၀ ကျော်တစ်ယောက်နဲ့ နောက်ထပ် အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း သုံးယောက် မီးလောင်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်”ဟု ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် လုံးခင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွေးတုအစိုးရ စစ်တပ်သည် ဒရုန်းဗုံးများ၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသန်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည့်အပြင် လူစည်ကားရာနေရာများတွင်ပါ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

ပြီးခဲ့သည့် မေ ၄ ရက်မှ စတင်ခဲ့သည့် ဖားကန့်တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေသည့်အတွက် ကာမိုင်းလမ်းဘက်မှတစ်ဆင့် စစ်ကူများ ဖြည့်တင်းနေသလို လေကြောင်းနှင့် ဒရုန်းယာဉ်များကို အသုံးပြုကာ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။

 

ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးခွဲရန် အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လက်မောင်းတံဆိပ် (ဘတ်တံဆိပ်)များ တပ်ဆင်ကာ ကျေးရွာများအတွင်း လှည့်လည်သွားလာပြီး ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်း၊ ခြိမ်းခြောက် နှိပ်စက်ခြင်းများကိုပါ ဗြောင်ကျကျ လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကူညီရေးအသင်း ဖားကန့်