ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ရွေးတုအစိုးရစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းစာရင်းကို အကြောင်းပြကာ လူငယ်များကို အရပ်ဝတ်များဖြင့် နေအိမ်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးခြင်းနှင့် မိဘများထံမှ ငွေကြေးသိန်းရာချီ ညှစ်တောင်းခြင်း များကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်၊ (၂၆) ရပ်ကွက်၊ ကန်သာယာလမ်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ ယမန်နေ့ မေ ၁၆ ရက် ည ၁၀ နာရီခန့်က အရပ်ဝတ်ဝတ်ဆင်ထားသူများ ဝင်ရောက်လာပြီး လူငယ်တစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးသည်ဟု အကြောင်းပြကာ လူငယ်များ၏ အချက်အလက်များကို မှတ်တမ်းယူသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ည ၁၀ နာရီလောက်ကြီး ရပ်ကွက်ထဲကို ရုန်းရင်းဆန်ခတ်နဲ့ အရပ်ဝတ်တွေ ဝင်လာတာ။ ဧည့်စာရင်း စစ်တယ်ဆိုပြီး လူငယ်တွေရှိတဲ့ အိမ်တွေကို လိုက်ကြည့်တာ၊ ပြီးတော့ လူငယ်တွေစာရင်းကို တစ်ခါတည်း မှတ်တမ်းယူသွားတယ်”ဟု ၂၆ ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးအတွင်း၌လည်း ရပ်ကွက် များအတွင်း လှည့်လည်ဖမ်းဆီးထားသည့် လူငယ် ၃၀ ကျော်ကို မီနီဘတ်စ် ကားတစ်စီးဖြင့် ဘုရင့်နောင် စစ်ကြောရေးဘက်သို့ ဖမ်းဆီးခေါ်ထုတ်သွားကြောင်း ရန်ကုန်တိုင်း ထူးခြားဖြစ်စဥ်များနှင့် စစ်တပ်၏ လှုပ်ရှားမှုကိုဖော်ပြနေသည့် RSN ထံမှသိရသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့များကလည်း တာမွေ (ကျောက်မြောင်း) နှင့် လှိုင်မြို့နယ်များ အတွင်း စစ်မှုထမ်းစာရင်းပါသည်ဟုဆိုကာ လူငယ် ၁၁ ဦးထက်မနည်း အတင်းအကျပ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ရွေးတုအစိုးရသည် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်အင်အားစာရင်းကို လဝကနှင့် ပူးပေါင်းပြုစုကာ ဥပဒေကြောင်းအရ အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်ရန် ပြင်ဆင်နေသည့် ဗျူဟာသစ်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လူငယ်များ၏ ကိုယ်ရေးအချက်အလက်များကို ဧည့်စာရင်းအကြောင်းပြ၍ လိုက်လံကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုငယ်များဖြင့် ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာသည့် လူငယ်များကိုလည်း အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းဆီးကာ အုပ်ချုပ်ရေးရုံးအတွင်း ခေတ္တချုပ်နှောင်ထားပြီး စစ်တပ်ထံသို့ မပို့ဆောင်မီ မိဘအုပ်ထိန်းသူများထံမှ ငွေကြေးသိန်းရာချီ တောင်းခံကာ ပြန်လွှတ်ပေး သည့် ငွေညှစ်လုပ်ငန်းများကိုပါ ရွေးတုအစိုးရလက်အောက်ခံများက အုပ်စုဖွဲ့လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-စစ်မှုထမ်း အမှတ်စဉ် (၁၂) အတွက် စုဆောင်းခံထားရသူများ(ပုံဟောင်း)