ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရွေးတုအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်၏ ဗန်းမော်အခြေစိုက် အမှတ် (၉၃၃) ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ) သည် ပြီးခဲ့သည့် မေ ၁၅ ရက်က KIA တပ်များရှိရာဘက်သို့ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ စတင်တိုက်ခိုက်လာရာမှ တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သည် ဗန်းမော်ရှိ ၎င်းတို့၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အတွင်းသို့လည်း လေကြောင်းမှတစ်ဆင့် စစ်လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ဆက်တိုက်ပို့ဆောင် ဖြည့်တင်းနေကြောင်း ဒေသခံများက ဆိုသည်။
“ဗန်းမော်စစ်ပွဲက အရင်လို နင်လားငါလား မျက်နှာချင်းဆိုင် တိုက်တာမျိုးမဟုတ်တော့ဘူး။ စစ်တပ်ကို အမှည့်ခြွေ ခြွေနေတာမျိုးပါ။ အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာနိုင်သလို စစ်တပ်ဘက် ကလည်း လေကြောင်းကနေ ခဲယမ်းတွေ ရသလောက် ဖြည့်နေတာ ကြားရတယ်” ဟု ဗန်းမော်စစ်ရေး သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် မေ ၁၂ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အတွင်းသို့ ကားအစီးရေ ၃၀၀ ကျော်ပါဝင်သည့် စစ်ကူနှင့် ခဲယမ်းယာဉ်တန်းကြီးကို သယ်ယူရွှေ့ပြောင်း ထည့်သွင်း ထားခဲ့သည်။
ထို့ပြင် ငါးအိုးတပ်ရင်းအတွင်း စုဖွဲ့ထားသည့် အင်အားတစ်ထောင်ခန့်ရှိ စစ်ကြောင်းများသည် ရွှေကူနယ်အတွင်းသို့ လှုပ်ရှားဝင်ရောက်ကာ ဗန်းမော်မြို့ဘက်သို့ စစ်ကူတက်ရန် ရည်ရွယ်ထား သော်လည်း လမ်းခရီးတွင် KIA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကြောင်းများ ရှေ့မတိုးနိုင်ဘဲ တန့်နေကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)